SJ WorldNews - шаблон joomla Авто

မော်လမြိုင်မြို့၌ ပညာရည်ချွန် ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပ

Monday, 20 August 2018 09:42 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် သြဂုတ် ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ်အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းနှင့် မြို့နယ်တို့ကို ပညာရည်ချွန်ဆု ပေးအပ်သည်။

အခမ်းအနားကို အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက ''ဘက်စုံပညာကိုရည် ဒို့လှမ်းချီ''သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယနေ့ကျင်းပသည့် အခမ်းအနားသည် ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ခြင်းဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ်၏ အောင်ချက်မှာ ယခင်နှစ်ထက် နိမ့်ကျ သွားသည်ကို ပြန်လည်တိုးတက် လာစေရန်အတွက် အားနည်းချက်၊ ချို့ယွင်းချက်များကို ရှာဖွေ ဖော်ထုတ်ရန် ပြန်လည် ပြင်ဆင်နိုင်ရေး နည်းလမ်းများ ရှာဖွေပြီး ဆရာ၊ ဆရာမများ အနေဖြင့် စေတနာ ထားကာ တီထွင်ကြံဆ ကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ၆ ဘာသာဂုဏ်ထူးရှင် ၁၃ ဦးအား ပြည်နယ် ဝန်ကြီးချုပ်က လည်းကောင်း၊ ၅ ဘာသာဂုဏ် ထူးရှင် ၄၅ ဦးအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်တရားသူကြီးချုပ် တို့က လည်းကောင်း၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၆၆ ဦးအား ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းတို့က လည်းကောင်း ဆုများ အသီးသီး ပေးအပ်ကြသည်။

ထို့နောက် မွန်ပြည်နယ်တွင် သိပ္ပံဘာသာတွဲ အမှတ်အများဆုံး၊ ဝိဇ္ဇာဘာသာတွဲ အမှတ် အများဆုံး၊ ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံး ရရှိသူ သုံးဦးစီနှင့် အောင်ချက် အကောင်းဆုံးကျောင်း၊ မြို့နယ်၊ ကိုယ်ပိုင်ကျောင်း သုံးကျောင်းနှင့် ပြည်နယ်၊ ခရိုင်ပညာရေး ဌာနတို့မှ ဆုရရှိသူများအား မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ကြသည်။

ယင်းနောက် မွန်ပြည်နယ်တွင် စာမေးပွဲ ဖြေဆိုသူ ၅ဝ ရာခိုင်နှုန်း အထက်ရရှိသော ကျောင်းများနှင့် ၆ ဘာသာဂုဏ်ထူး ရရှိအောင် သင်ကြားပေးသော ကျောင်း ရှစ်ကျောင်းမှ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများအား ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ကြောင်း သိရသည်။

Read 118 times Last modified on Monday, 20 August 2018 09:43