Print this page

အများပြည်သူ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြော

Tuesday, 04 September 2018 10:15 font size decrease font size decrease font size increase font size increase font size

ရေဖြူ စက်တင်ဘာ ၃

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာ အနောက်ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အများပြည်သူ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အမှာစကား ပြောကြားပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ကလိန်အောင် မြို့နယ် လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ဆန်းက ဇာဒီကျေးရွာရှိ ဒေသခံ ပြည်သူများအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် အတွက် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်း ကြိုးများပေါ်သို့ သစ်ပင်သစ်ကိုင်းများ လဲကျကျိုးကျနေခြင်း၊ မိုးဒဏ်၊ လေဒဏ်ကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ထရန်စဖော်မာ ခြံဝင်းများ အတွင်းသို့ တာဝန်ရှိသူ မဟုတ်ဘဲ ဝင်ရောက်ခြင်း၊ ကလေးများ ဝင်ရောက်ဆော့ကစားခြင်း၊ လျှပ်စစ် ကျွမ်းကျင်မှု လက်မှတ်မရှိဘဲ ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်ခြင်း၊ အိမ်တွင်းလျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်ပြုပြင်ခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရန်အတွက် လိုက်နာရမည့် သတိပေး အချက်အလက်များ၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ် အသုံးပြုရာတွင် သတိပြု ဆောင်ရွက်ရမည့် အကြောင်းအရာများ စသည်တို့ကို ပရိုဂျက်တာဖြင့် ဟောပြောသည်။ ထို့နောက် တက်ရောက်လာကြ သူများက သိလိုသည်များ မေးမြန်းရာ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ဆန်းက ပြန်လည်ဖြေကြားပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အဆိုပါ ဟောပြောပွဲသို့ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ဆန်း၊ ဇာဒီကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

Read 228 times Last modified on Tuesday, 04 September 2018 10:16