SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး

Wednesday, 19 September 2018 10:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၈

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူသည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်၏ ရခိုင်ရိုးမရှိ နေပူတောင် ကျောက်ထုတ်လုပ်မှု စီမံကိန်းကို ရပ်ဆိုင်းထားပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံကိန်းအဖြစ် အစားထိုးပြောင်းလဲ လုပ်ကိုင်သွားရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်းရှိ ရခိုင်ရိုးမ အပေါ်တွင် တည်ရှိသည့် နေပူတောင်နေရာကို သဘာဝအခြေခံ ခရီးသွားဒေသအဖြစ် ပေါ်ပေါက် ရေးအတွက် ဖော်ထုတ်မြှင့်တင် ကြော်ငြာဆောင်ရွက်သွားရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း၊ ကုမ္ပဏီမှ ထုတ်လုပ်မှု လုပ်ငန်းများ အပြီးပိတ်သိမ်း ခွင့်တင်ပြ ထားချက်အပေါ် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းနှင့် သဘောတူ စာချုပ်ဖျက်သိမ်းပြီးပါက ပြည်နယ်အစိုးရ အနေဖြင့် နေပူတောင်ဒေသကို သဘာဝအခြေခံ ခရီးသွားစခန်းအဖြစ် တိုးမြှင့်သတ်မှတ်မည် ဆိုပါက ဒေသတွင်းခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးမင်းနိုင်၏ စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် နယ်စပ်ဖြစ်သော ကားရော်လောင်ကိုင်နှင့် ကားရော်ဂျဲထောက်ကြား(ဂျဲထားချောင်း) ပေ ၂ဝဝ နှင့် ကားရော်လောင်ကိုင်နှင့် ထန်ခေါ် နောက်ကုန်းကြား(စိုးညိုချောင်း) ပေ ၁ဝဝ တို့ကို သံကြိုးတံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က မေးခွန်းနှင့် စပ်လျဉ်း၍ တံတား တည်ဆောက်မည့် လမ်းကြောင်းသည် လက်ရှိတွင် ဝန်ကြီးဌာန အနေဖြင့် ကားလမ်းဖောက်လုပ်ထားခြင်း မရှိသေးကြောင်း၊ ကားလမ်း ဖောက်လုပ်ပြီးမှသာ အဆိုပါ တံတားနှစ်စင်း တည်ဆောက်ရေးလုပ်ငန်းကို စဉ်းစားသင့်ကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်အတွင်း ရွှေပြည်ရွာဟောင်း သာစည်ကျေးရွာအုပ်စု၊ မျောက်တောင်ကျေးရွာအုပ်စု၊ မာလာကျေးရွာ အုပ်စုတို့ကို မဟာဓာတ်အားလိုင်း၏ 11 KVA ဓာတ်အားလိုင်း မှတစ်ဆင့် ၄ဝဝ ဗို့အားလိုင်းများ သွယ်တန်းပြီး ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျောက်တော်မြို့နယ် သာစည်ကျေးရွာ ဓာတ်အားရရှိရေးနှင့် မျောက်တောင်ကျေးရွာ ဓာတ်အားရရှိရေးအတွက် ၂ဝ၁၈ -၂ဝ၁၉ဘဏ္ဍာနှစ် ပြည်နယ် အစိုးရရန်ပုံငွေတွင်လည်းကောင်း၊ ရွှေပြည်ရွာဟောင်း ကျေးရွာဓာတ်အား ရရှိရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ၏ ဖြည့်စွက် ရန်ပုံငွေတွင်လည်းကောင်း လျာထားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။

မာလာကျေးရွာအုပ်စုရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကျောက်တော်မှ တင်းမသို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၁ မိုင်တည်ဆောက်ခြင်းနှင့် တင်းမကျေးရွာ၌ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ အသစ်တစ်ရုံ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံ ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း။

တင်းမကျေးရွာ၌ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက အဆိုပါ ဓာတ်အားခွဲရုံမှတစ်ဆင့် မာလာကျေးရွာအုပ်စုထံသို့ ဓာတ်အား ဖြန့်ဖြူးပေး နိုင်ရန်အတွက် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/ဝ.၄ ကေဗွီထရန် စဖော်မာများ ထပ်မံတည်ဆောက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ တည်ဆောက်ရေး လုပ်ငန်းများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေး တင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်သိန်းက တရား လွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်း မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များအား စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူ အတည်ပြုခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

အောင်ရဲသွင်

Read 161 times Last modified on Wednesday, 19 September 2018 10:42