SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီး

Wednesday, 19 September 2018 10:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၏ ရန်ကုန် မန္တလေး အမြန်လမ်းမကြီး၏ မူလကွန်ကရစ် လမ်းပေါ်၌ ကတ္တရာထပ်ပိုးလွှာ တင်ရာတွင် ကာလကြာရှည် မခံဘဲ မိုးဦးကာလမှာပင်ချိုင့်၊ ကျင်းများ အမြောက်အမြား ပေါ်ပေါက် လာရခြင်းသည် ထပ်ပိုးလွှာတင်သည့် AC ကတ္တရာ အရည်အသွေး ညံ့ဖျင်းခြင်းကြောင့်လား သို့မဟုတ် နည်းပညာနိမ့်ပါး၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လား ဆိုသည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် ကတ္တရာကွန်ကရစ် ခင်းပြီးသည့် လမ်းပိုင်းများမှာ ခြောက်နှစ်ခန့် ကြာမြင့်ခဲ့ပြီး လမ်းပိုင်းအချို့မှာ တစ်နှစ်၊ နှစ်နှစ်ခန့်သာရှိ သေးကြောင်း၊ ကတ္တရာအရည်အသွေးကြောင့် လှိုင်းနှင့် အပေါက်များ ဖြစ်သည်ဆိုတာကို ဝန်ခံ

ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် AC ခင်းထားနိုင်သည့် အပိုင်းတွင် ရာခိုင်နှုန်း အားဖြင့်ပြောလျှင် အင်မတန်နည်းပါးသည့် ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ လမ်းများသည် Penetration Macadam ဟုခေါ်သည့် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကတည်းက အသုံးပြုခဲ့သည့်စနစ်ကို ယခုအချိန်ထိ သုံးနေခြင်းဖြစ်သည့်အတွက် မိမိတို့ နိုင်ငံအား တင်သွင်းသည့် ကတ္တရာအားလုံးသည် Penetration Macadam နှင့် ကိုက်ညီသည့် ၈ဝ/၁ဝဝ ကတ္တရာ အမျိုးအစားကိုသာ တင်သွင်းပြီး အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း။

နိုင်ငံတကာတွင် လမ်းများကို ကွန်ကရစ် ခင်းပြီးသည်နှင့် တစ်ပြိုင်နက်တည်း AC အလွှာအား အပေါ်မှ ခင်းလိုက်ခြင်း ဖြစ်သည့်အတွက် ကွန်ကရစ် Wave Length နှင့် AC ၏ Wave Length သည် တစ်သားတည်း ကျခဲ့ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ၂ဝဝ၅-၂ဝဝ၆ ခုနှစ်ကတည်းက စတင်ခင်းခဲ့သည့် ကွန်ကရစ် လမ်းကြီးသည် ၁ဝ နှစ်အကြာတွင် အပေါ်မှ AC ထပ်ခင်း ရသည့်အတွက် ကတ္တရာ တွန့်ခေါက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယခုဆိုလျှင် AC ကတ္တရာလှိုင်းတွန့်ခြင်း၊ ပေါက်ခြင်းတို့နှင့် ပတ်သက်၍ သုတေသန ပြုလုပ်ပြီး ဖြစ်သည့်အတွက် AC ခင်းမည်ဆိုလျှင် ပထမဦးဆုံး Regulate တစ်လွှာအား ဦးစွာခင်းပြီးမှသာ AC ကို ခင်းပေးရန်နှင့် ၅ဝ မီလီမီတာထုအပြည့်ပေးရန် ပါးပါးနှင့်ရှည်ရှည် ခင်းမည့်အစား ထူထူနှင့်တိုတိုခင်းရန်၊ Regulate တစ်လွှာထပ်ထည့်ရန်အတွက် Design ပြောင်းပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ စက်၊ ယာဉ်ယန္တရား အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက စက်၊ ယာဉ်ယန္တရားများ ဖြစ်ပြီး လုပ်ငန်းခွင် အခြေအနေအရ အသေးစား ပြင်ဆင်မှုဖြင့်သာ အသုံးပြုခဲ့သည့်အတွက် အားနည်းမှုကြောင့်လည်း ပျက်စီးမှုများ ဖြစ်နိုင်ကြောင်း၊ လူဖြင့်သာ တိုင်းတာ၍ အထူအပါးကို ညှိပြီး ခင်းနေသည့် စက်၊ ယာဉ်ယန္တရား များကို ယခုအချိန်ထိ သုံးနေရဆဲ ဖြစ်ကြောင်း၊ တဖြည်းဖြည်းချင်း ခေတ်မီစက်၊ ယာဉ်ယန္တရားများနှင့် လဲလှယ် အသုံးပြုသွားရန်ကိုလည်း စီစဉ်ထားရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ယင်းအစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းကာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာ့ ပုလဲလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်လုံးမှ သဘောတူ၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် လွှတ်တော် ကာလအတွင်း အစည်းအဝေးကျင်းပ ရက် ၁၉ ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၂၃ ခုမေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၂၁၄ ခုဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊

အဆို ၁၁ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ခြောက်ခု၊ မှတ်တမ်းတင်အဆို ငါးခုတို့ ဖြစ်ကြောင်း၊ ဥပဒေကြမ်း များအနေဖြင့် ဆွေးနွေး ဆောင်ရွက်ခဲ့သည့်ဥပဒေကြမ်း ၂၈ ခုရှိပြီး ဥပဒေကြမ်း ၁ဝ ခုကို အတည်ပြု နိုင်ခဲ့ကြောင်း၊ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၈ ခု

ကျန်ရှိကြောင်း၊ အစည်းအဝေး ကာလအတွင်း ပြည်သူ့လွှတ်တော် ကော်မတီခြောက်ခု၏ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို ကော်မတီ အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်း ဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေပြုရေး ကဏ္ဍတွင်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီသာ ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး ပြီးစီးကြောင်း ကြေညာသည်။

အိအိပိုင်

Read 42 times Last modified on Wednesday, 19 September 2018 10:43