SJ WorldNews - шаблон joomla Авто

ဟိုင်းကြီးကျွန်း၌ ပင်လယ်ရေတား ကျောက်စီတမံ တည်ဆောက်မှု ၅ဝ ရာခိုင်နှုန်းပြီးစီး

Thursday, 14 March 2019 11:44 font size decrease font size decrease font size increase font size increase font size

ဟိုင်းကြီးကျွန်း မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်၍ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၂၅ဝဝ ဖြင့် ရေတားကျောက်စီတမံ တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)နယ်မြေကပ္ပလီရပ်ကွက် ကမ်းခြေတွင် မိုးတွင်းကာလများနှင့် ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးဝါးသည့် အချိန်များ၌ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် ကမ်းခြေရေ တိုက်စားမှုများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသဖြင့် လူနေအိမ် အချို့နှင့် လယ်ကွင်းများတွင် ပင်လယ်ရေများ ဝင်ရောက်၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရပ်ကွက်တွင် ပင်လယ်ရေ တိုက်စားခြင်းခံရသော ကမ်းခြေအရှည်ပေ ၆ဝဝဝ ခန့်ကို ရေတားကျောက်စီတမံ တည်ဆောက်ရန် လိုအပ်နေပြီး လက်ရှိအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အရှည်ပေ ၉၇ဝ အတွက် ခွင့်ပြုပေးခဲ့ကာ အရှည်ပေ ၉၇ဝ၊ အကျယ်ပေ ၃ဝ ၆ လက်မရှိ မြေကြီးတူးခြင်း လုပ်ငန်းများ၊ အောက်ခြေကြမ်းခင်း ဝါးထရံခင်းခြင်း လုပ်ငန်းများ၊ ကျောက်ကြီးများခင်းကာ နိုင်လွန်ပိုက်အုပ်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလမှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကပ္ပလီကမ်းခြေ၌ တည်ဆောက်နေသော ကမ်းခြေရေတား ကျောက်စီတမံအတွက် လုပ်ငန်းသုံးပစ္စည်းများ သတ်မှတ်နေရာသို့ အချိန်မီရောက်ရှိရန် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ ခက်ခဲသော်လည်း မိုးရာသီမရောက်မီ ပြီးစီးရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေလှိုင်းအရှိန်ကို ဟန့်တားနိုင်ရန် အုန်းတိုင်အလုံး ၃၅ဝ စိုက်ထူခြင်းနှင့် ကျောက်ကြီးစီခြင်း လုပ်ငန်းပေ ၆ဝဝ ကျော်ခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါ ဟိုင်းကြီးကျွန်းမြို့ ကပ္ပလီရပ်ကွက်ကမ်းခြေ၌ အိမ်ခြေ ၅၅ လုံး၊ အိမ်ထောင်စု ၅၄ စုရှိကာ ကမ်းနီးငါးဖမ်း လုပ်ငန်းကို အဓိကစီးပွားရေး တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရေတားကျောက်စီတမံ ပြီးစီးပါက ပင်လယ်ရေလှိုင်း ရိုက်ခတ်မှု လျော့ကျကာ ဒေသခံများအတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 9 times Last modified on Thursday, 14 March 2019 11:45