SJ WorldNews - шаблон joomla Авто

ရာသီဥတု အခြေအနေကြောင့် ဖုန်ကန်ရာဇီ ရေခဲတောင်အမြင့်ပေ ၁၁ဝဝဝ ခန့်အထိသာ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင်တချို့ တက်ရောက်နိုင်ခဲ့

Thursday, 14 March 2019 12:19 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာ  မတ်   ၁၃

ဖုန်ကန်ရာဇီရေခဲတောင် အမြင့်ပေ ၁၁၉၂ဝ သို့  တက်ရောက်သည့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့သည် အမြင့်ပေ ၁၁ဝဝဝ ခန့် အထိသာ တောင်တက်အဖွဲ့ဝင်တချို့ တက်ရောက်နိုင်ခဲ့ကြောင်း  အဆိုပါ တောင်တက်အသင်း     သတင်းပြန်ကြားရေး တာဝန်ခံ ကိုထွန်းလွင်ထံမှ သိရသည်။

''မိတ္ထီလာခြေလျင်နှင့်တောင်တက် အဖွဲ့ဝင် ၂ဝ ဦးပါဝင်တဲ့အဖွဲ့က မိတ္ထီလာကနေ ပူတာအိုကိုထွက်ခွာတာ မတ် ၃ ရက်ဖြစ်ပြီး အဲဒီနေ့ ပူတာအိုမှာ ညအိပ်ပါတယ်။ မတ် ၄ ရက်မှာ ပူတာအိုကနေ အထက်ရှန်ခေါင်ရွာအထိ သုံးဘီးဆိုင်ကယ်တွေနဲ့ သွားရောက်ခဲ့ပြီး နောက်တစ်နေ့မနက် ရေခဲတောင်တက် ခရီးကို စတင်ပါတယ်။ အသက်အကြီးဆုံး တောင်တက်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဝင်းရှိန် ၉၇ နှစ် အပါအဝင် မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင်၂ဝ ဦးစလုံး ရေခဲစပ်စခန်း အမြင့်ပေ  ၉၇ဝဝခန့်အထိ မတ် ၈ ရက်မှာ ရောက်ရှိပြီး တဲ့နောက်မှာ ရာသီဥတုက ရေခဲမုန်တိုင်းရော၊ နှင်းမုန်တိုင်းရော ကျရောက်တဲ့ အခြေအနေ ဖြစ်လာတော့ အခက်အခဲကြုံတွေ့ခဲ့ပါတယ်။

အဲဒါနဲ့ ကျွန်တော်အပါအဝင် တောင်တက် အဖွဲ့ဝင်ခြောက်ဦး ဆက်ပြီး တက်ရောက်ခဲ့တာ  ပေ ၁၁ဝဝဝခန့်အထိပဲ တက်ရောက်နိုင်ခဲ့တယ်။ ရာသီဥတုကလည်း အလွန်ဆိုးရွားတဲ့ အဆင့်ဖြစ်နေတော့ လမ်းပြအဖွဲ့ကလည်း လုံးဝဆက်မသွားသင့်တော့တဲ့ အခြေအနေဖြစ်တာမို့ မသွားကြဖို့ တားမြစ်တာကြောင့် ပြန်လှည့် လာခဲ့ရတယ်။ ရေခဲစပ်စခန်းမှာ ညအိပ်တော့ ရေခဲစပ်စခန်းနေရာမှာ နှင်းထုက ၄ ပေလောက်ရှိနေတဲ့ အနေအထား အထိ ရာသီဥတုက ကြမ်းတမ်းခဲ့ပါတယ်'' ဟု အဆိုပါခရီးကို ပါဝင်တက်ရောက်ခဲ့သူ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုထွန်းလွင် ကပြောသည်။

အဆိုပါတောင်တက်အဖွဲ့သည် ဝါဆာဒမ်း၊ ဇီယားဒမ်း(တောင်ခြေ)၊ ဇီယားဒမ်း တောင်ခြေ ကနေ သစ်ပင်ကြီးစခန်း၊ သစ်ပင်ကြီးစခန်းမှ ရေခဲစပ်စခန်းအထိ အဆင့်ဆင့် တက်ရောက် ခဲ့ကြောင်း သိရသည်။

ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးသွားရောက်ခဲ့သည့် မိတ္ထီလာခြေလျင်နှင့် တောင်တက် အဖွဲ့ဝင်အားလုံး မတ် ၁၁ ရက် ည ၆ နာရီခန့်က ပူတာအိုမြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီး မတ် ၁၃ ရက်တွင် တံတားဦးလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ရာ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ နာယကအဖွဲ့ဝင်များ၊ တောင်တက်အဖွဲ့မှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များက   အဆိုပါလေဆိပ်အထိ သွားရောက် ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။               

Read 9 times Last modified on Thursday, 14 March 2019 12:20