SJ WorldNews - шаблон joomla Авто

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပါဝင်သော ပုဇွန်တောင်-ပဲခူးလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း မကြာမီ စတင်မည်

Thursday, 14 March 2019 12:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်    ၁၃

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ပါဝင်သော ပုဇွန်တောင်-ပဲခူးလမ်းပိုင်း၏ ကန်ထရိုက်လုပ်ငန်း အပိုင်း (၁ဝ၁) အတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မကြာမီ စတင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား စစ်ဆေးရေးရုံးချုပ် အထွေထွေမန်နေဂျာ ဦးဘမြင့်ထံမှ သိရသည်။

''ရန်ကုန်-မန္တလေးရထား လမ်းပိုင်းမှာ Phase 1   နဲ့  Phase 2 ဆိုပြီးရှိတယ်။ Phase 1 မှာဆိုရင် ပုဇွန်တောင်-ပဲခူးလမ်းပိုင်း၊ ပဲခူး-ညောင်လေးပင်လမ်းပိုင်း၊  ညောင်လေးပင်-တောင်ငူလမ်းပိုင်းဆိုပြီး   အပိုင်းသုံးပိုင်း ရှိတယ်။ အဲဒီအပိုင်းသုံးပိုင်းထဲက  ပဲခူး-ညောင်လေးပင် လမ်းပိုင်းကစပြီး  ရုံးတွေ ဆောက်ပြီးပြီ။ ဆက်ပြီးတော့လည်း တံတားတွေနဲ့ လမ်းတွေလုပ်နေပါပြီ။ အဲဒါတွေပြီးမှ သံလမ်းစပြီးဖြုတ်တာ၊   ခင်းတာတွေလုပ်မှာပါ။  အလားတူ နောက်တစ်လခြားပြီးတော့ ညောင်လေးပင်-တောင်ငူကြားမှာရှိတဲ့ လုပ်ငန်းတွေဆက်လုပ်မယ်။ Phase 1 ကတော့ လုပ်ငန်းအကုန်လုံး စဖို့နီးသွားပြီ။  အခုလက်မှတ် ရေးထိုးပြီးပြီဆိုတော့ မတ် ၂၆ ရက်မှာ လုပ်ငန်းစမယ်။ ၂ဝ၂၂ ခုနှစ်မှာပြီးမှာပါ''  ဟု ဦးဘမြင့် ကပြောသည်။

အဆိုပါစီမံကိန်းကို အပိုင်းနှစ်ပိုင်း ခွဲခြား ဆောင်ရွက်မည်ဖြစ်ပြီး  အပိုင်း(၁)ဖြစ်သည့် ၁၆၆ မိုင်ရှိ ရန်ကုန်-တောင်ငူလမ်းပိုင်းကို ၂ဝ၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာ၂ဝ၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်၍ စီမံကိန်းကာလအားဖြင့် လေးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း၊ အပိုင်း (၂) ဖြစ်သည့် ၂၁၉ မိုင်ရှိ တောင်ငူ-မန္တလေး လမ်းပိုင်းကိုလည်း လေးနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ရာ   ယခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ   ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်  -  မန္တလေး ရထားလမ်းပိုင်း Phase 1  တွင် ပါဝင်သော အပိုင်း (၁ဝ၂) ပဲခူး-ညောင်လေးပင်လမ်းပိုင်းနှင့် အပိုင်း (၁ဝ၃) ညောင်လေးပင် - တောင်ငူလမ်းပိုင်းတို့ကို  ၂ဝ၁၈ ခုနှစ်  နိုဝင်ဘာ  ၁၁  ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် အပိုင်း (၁ဝ၁)  ပုဇွန်တောင်-ပဲခူးလမ်းပိုင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော်ရှိ မြန်မာ့မီးရထားရုံးချုပ်၌ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် FNS JV နှင့် NKS  JV တို့မှ   တာဝန် ရှိသူတို့က   သဘောတူညီမှု လက်မှတ်ရေးထိုးကြသည်။

ရန်ကုန်-မန္တလေး ရထားလမ်း  အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာကြီးအထိ ၃၈၅ မိုင်ရှိပြီး အသွားအပြန် အစုန်အဆန် ၇၇ဝ မိုင်ရှိကြောင်း၊  ကုန်ကျစရိတ်မှာ  အမေရိကန်ဒေါ်လာ ၂  ဒသမ ၇ ဘီလီယံရှိပြီး ယင်းကုန်ကျစရိတ်များဖြင့် လမ်းပိုင်းပြုပြင်ခြင်းနှင့် DEMU ရထားတွဲ ၂ဝ၄ တွဲကို ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။   

Read 29 times Last modified on Thursday, 14 March 2019 12:27