SJ WorldNews - шаблон joomla Авто

ရွှေဘိုခရိုင်အတွင်းရှိကျေးရွာပေါင်း ၃၃၇ ရွာ၌ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်

Saturday, 16 March 2019 09:09 font size decrease font size decrease font size increase font size increase font size

ရွှေဘို မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၃၃၇ ရွာ၌ လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP)လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းလုပ်ငန်းများကို ဝက်လက်မြို့နယ်၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် Able Winners ကုမ္ပဏီကလည်းကောင်း၊ ရွှေဘိုမြို့နယ်နှင့် ကျောက်မြောင်းမြို့နယ်တို့တွင် Soe Moe Than ကုမ္ပဏီကလည်းကောင်း၊ တန့်ဆည်မြို့နယ်တွင် Myanmar Super Ray ကုမ္ပဏီ ကလည်းကောင်း၊ ခင်ဦးမြို့နယ်တွင် Helta Light ကုမ္ပဏီကလည်းကောင်း အသီးသီးဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို ၁၁ ကေဗွီဓာတ်အားလိုင်းမှ နှစ်မိုင်အတွင်းကွာဝေးသော ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၃၃၇ ရွာကို လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာများထဲမှ ဆည်ရေသောက်ဧရိယာ ၁၃၉ ရွာကို လျှပ်စစ်မီးတိုင်များစိုက်ထူခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၆ဝ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်သည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း လုပ်ငန်းများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှစ၍ ရေဝင်ဧရိယာများကို စတင်လုပ်ကိုင်နေပြီး စက်တင်ဘာလ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွှေဘိုခရိုင်အတွင်း ကျေးရွာပေါင်း ၁၂ဝ၅ ရွာရှိပြီး မီးလင်းကျေးရွာပေါင်း ၃၈၉ ရွာသာရှိကြောင်းနှင့် ယခုစီမံကိန်း လုပ်ငန်းဆောင်ရွက် ပြီးစီးသွားပါက မီးလင်းကျေးရွာ ၇၂၆ ရွာရှိလာတော့မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ထွန်းဝင်းထံမှ သိရသည်။

Read 11 times Last modified on Saturday, 16 March 2019 09:15