SJ WorldNews - шаблон joomla Авто

ပွင့်ဖြူမြို့နယ်၌ နွားလှည်းယဉ်နှင့် နွားအပြေး အလှပြိုင်ပွဲ ကျင်းပ

Friday, 29 March 2019 09:02 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် စည်ကား သိုက်မြိုက်ရေးအတွက် ထည့်သွင်း ကျင်းပသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု နွားလှည်းယဉ်နှင့် နွားအပြေး အလှပြိုင်ပွဲ ဖွင့်ပွဲကို မတ် ၂၇ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ ဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။

''အခုကျင်းပတဲ့မြန်မာ့ရိုးရာယဉ်ကျေးမှု နွားလှည်းယဉ်နဲ့ နွားအပြေး အလှပြိုင်ပွဲကို အရင်တုန်းကတော့ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် စည်ကားသိုက်မြိုက်ဖို့အတွက် အစဉ်အလာမပျက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနွားပြိုင်ပွဲကို မကျင်းပနိုင်ခဲ့တာ နှစ်ပေါင်း ၃ဝ ဝန်းကျင်ခန့် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု နွားလှည်းယဉ်နဲ့ နွားအပြေးအလှပြိုင်ပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု နဲ့အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုနဲ့ ပြန်လည်ဖော်ထုတ် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားကို နွားလှည်းယဉ် တစ်ကောင်ချင်း (အတိုင်)သမင်ပြေးပြိုင်ပွဲနဲ့ တစ်ကောင်ချင်း (အလှည့်)စတဲ့ပြိုင်ပွဲ နှစ်မျိုးနှစ်စား ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲအလိုက် အနိုင်ရရှိသူတွေကို နွားပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီက ဂုဏ်ပြုဆု လက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးရဲ့ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်ဖို့အတွက် တိမ်မြုပ် ပျောက်ကွယ်နေတဲ့ နွားပြိုင်ပွဲနဲ့အတူ မြင်းဒုန်းစီး ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်'' ဟု မြင်းစီးပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ကျေးရွာ၌ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ရှေးယခင် နှစ်ပေါင်းများစွာကပင် နွားပြိုင်ပွဲ၊ မြင်းပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပွင့်ဖြူမြို့နယ် ဒေသတစ်ဝိုက်ရှိ နွားပိုင်ရှင်၊ မြင်းပိုင်ရှင်များက ဘုရားပွဲတော်ကြီး စည်ကားစေရေးအတွက် စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြလေ့ ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု နွားလှည်းယဉ်နှင့် နွားအပြေးအလှ ပြိုင်ပွဲကို မတ် ၂၇ ရက်မှ ဧပြီ ၄ ရက်အထိ လည်းကောင်း ကျင်းပမည် ဖြစ်ကြောင်း၊ မြင်းဒုန်းစီးပြိုင်ပွဲကို ဧပြီ ၁ ရက် မှ ၃ ရက်အထိ လည်းကောင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)

Read 23 times Last modified on Friday, 29 March 2019 09:03