SJ WorldNews - шаблон joomla Авто

ဖိတ်ခေါ်ပါသည် မန်းချောင်း ဆင်စခန်းဆီ

Tuesday, 02 April 2019 10:20 font size decrease font size decrease font size increase font size increase font size

ရွှေစက်တော် မန်းချောင်း ဆင်စခန်းအား မြန်မာ့သစ်လုပ်ငန်းမှ ခွင့်ပြုရန်ပုံငွေအပြင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဖေဖော်ဝါရီ ၉ ရက် မန်းရွှေစက်တော်ရာ ဘုရားပွဲတော် ဖွင့်ပွဲရက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

မန်းချောင်းဆင်စခန်း၌ ဆင် ၁၅ ကောင်ရှိပြီး ဆင်ကြီး ၁၄ ကောင်နှင့် အမိနောက်လိုက် ဆင်ကလေး တစ်ကောင်ရှိကြောင်း၊ ဆင်စီး၍ ရသော အကောင်ရှစ်ကောင်၊ အသက်ကြီးဆင်နှင့် အမိနောက်လိုက်ဆင်များကို ဆင်ပြပွဲသာ ပြုလုပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဆင်စခန်းများတွင် မန်းချောင်းဆင်စခန်းသည် ဝင်ငွေအကောင်းဆုံး ဆင်စခန်းဖြစ်ပြီး ဝင်ငွေကျပ် ၂၄၂ သိန်းရရှိထားပြီး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း တာဝန်ခံ ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဦးက ပြောသည်။

''ဝင်ကြေးအနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာ ကောက်ခံတဲ့နှုန်းထား အတိုင်းပါပဲ။ ဝင်ကြေးအနေနဲ့ ငွေကျပ် ၁ဝဝဝ ကောက်ခံပါတယ်။ ဆင်စီးမယ်ဆိုရင် တစ်ယောက်ကို ငွေကျပ် ၅ဝဝဝ ဖြစ်ပါတယ်။ ဝင်ကြေးကောက်ခံတဲ့ နေရာမှာ ၁ဝ နှစ်အောက်ကလေးတွေ၊ ရဟန်းသံဃာတွေ၊ သီလရှင်တွေကို မကောက်ခံပါဘူး။ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။ ဆင်လေးလည်းစီးရင်း၊ အပန်းလည်း ဖြေရင်းနဲ့ မိသားစု အေးအေးချမ်းချမ်း လာပြီးတော့ တည်းခို အပန်းဖြေနိုင်တဲ့ တောတောင်သဘာဝနဲ့ အင်မတန် ကောင်းမွန်တဲ့ စခန်းလေး ဖြစ်တဲ့အတွက် ရွှေစက်တော်မန်းချောင်း ဆင်စခန်းဆီသို့ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

ရွှေစက်တော်မန်းချောင်း ဆင်စခန်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် တည်းကျောင်း ၁၁ လုံးအပြင် ဒေသခံလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် တည်းကျောင်း၅ဝ လုံးရှိပြီး ရိုးရိုးတည်းကျောင်း၊ အထူးတည်းကျောင်းများ ပါရှိကာ တစ်ရက်ငှားရမ်းခငွေကျပ် ၃ဝဝဝဝ မှ ၇ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော်မန်းချောင်း ဆင်စခန်းတွင် ဝန်ဆောင်မှု အနေဖြင့် ဆင်စီးခြင်း၊ ဆင်အစာကျွေးခြင်း၊ ဆင်များနှင့်အတူ ကိုယ်တိုင်ရေ ချပေးနိုင်ခြင်း၊ ဆင်စီး၍ တောတောင်များ၏ သဘာဝအလှကို ကြည့်ရှု ခံစားနိုင်ခြင်း၊ ဆင်များနှင့်အတူ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးနိုင်ခြင်း၊ ဆင်တို့၏ နေထိုင်စားသောက်မှု ပုံစံများကို သဘာဝအတိုင်း လေ့လာနိုင်ခြင်း၊ ဆင်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြသခြင်း၊ ဆင်ကိရိယာများအား လေ့လာနိုင်ခြင်း၊ ဆင်ဝန်ထမ်းများ၏ လူနေမှုဘဝအား လေ့လာနိုင်ခြင်း၊ နားနေဆောင်များတွင် အေးချမ်းစွာ အပန်းဖြေ အနားယူနိုင်ခြင်း၊ တည်းခိုဆောင်များတွင် ညအိပ်တည်းခိုနိုင်ခြင်းနှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

ဆင်စခန်းကို နံနက် ၇ နာရီတွင် စတင်ဖွင့်လှစ်ကာ ဆင်များကို နံနက်ပိုင်းတွင် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ လည်းကောင်း၊ ညနေပိုင်းတွင် ၅ နာရီ မှ ၆ နာရီအထိလည်းကောင်း ဆင်ရေချပေးချိန်ဖြစ်ပြီး ဆင်စီးချိန်ကို နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲထိ လည်းကောင်း၊ ညနေပိုင်း၌ ၃ နာရီ မှ ၅ နာရီထိ လည်းကောင်း အချိန်သတ်မှတ် ထားရှိကာ ည ၆ နာရီတွင် ဆင်စခန်းပိတ်ချိန် ဖြစ်သည်။

မန်းစက်တော်ရာနှင့် နှစ်မိုင်ခန့်သာ ဝေးကွာသည့် ရွှေစက်တော် မန်းချောင်းဆင်စခန်းသို့ လာရောက် လည်ပတ်နိုင်ရန် ဖိတ်ခေါ် လိုက်ရပါသည်။ ။

Read 33 times Last modified on Tuesday, 02 April 2019 14:09