SJ WorldNews - шаблон joomla Авто

ဧရာဝတီလင်းပိုင်ကြည့် ခရီးသွားများ တည်းခိုရန် စီစဉ်ထားသည့် Dolphin Community Lodge ၌ ယခုလဆန်းမှ စတင် တည်းခိုနိုင်

Friday, 12 April 2019 10:31 font size decrease font size decrease font size increase font size increase font size

ဝက်လက်၊ ခရီးသွား  

ဧရာဝတီလင်းပိုင်များကို   လာရောက် လေ့လာကြည့်ရှုကြသည့်  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ တည်းခိုရန် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးနှင့်   ကျေးရွာလူထု အခြေပြုခရီးသွားလာရေးအဖွဲ့က စီစဉ်ထား သော Dolphin Community Lodge ၌ ယခုလဆန်းမှ စတင်တည်းခိုနိုင်ပြီဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့  (မြန်မာနိုင်ငံ အစီအစဉ်) မှ မန်နေဂျာဦးသန့်စင်၏ ပြောပြချက်အရ သိရသည်။

''ဖွင့်ပွဲမလုပ်ရသေးပေမယ့်  ဧည့်သည်တွေ လာရောက် တည်းခိုနေပြီ။ နိုင်ငံခြားခရီး သွားဧည့်သည်တွေကို အမေရိကန် ဒေါ်လာ ၂၅ဒေါ်လာ ကောက်ခံပြီး မြန်မာနိုင်ငံသားတစ်ဦးကို ငွေကျပ်နှစ်သောင်း ကောက်ခံပါတယ်။  ဒီကရတဲ့ ဝင်ငွေကြောင့်  ထိန်းသိမ်း ရေးနယ်မြေ အတွင်းမှာ ရှိတဲ့ ကျေးရွာရှစ်ရွာလည်း  ပိုပြီး ဖွံ့ဖြိုးနိုင်မယ်။  ခရီးသွားတွေ အနေနဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးကိုလည်း  ပိုမိုစိတ်ဝင်စားလာမယ်။  ဖွင့်ပွဲကို သင်္ကြန်ပြီးရင် လုပ်ဖို့ စီစဉ်ထားပါ တယ်'' ဟု ဦးသန့်စင်က ပြောသည်။

ဧရာဝတီလင်းပိုင် ကြည့်ရှုသူများ အနေဖြင့် မန္တလေးမှ ကုန်းလမ်းဖြင့် လာရောက်လိုပါက စစ်ကိုင်းခရိုင်ချင်း ဆက်လမ်း   (စစ်ကိုင်း- ကျောက်မြောင်းလမ်း) အတိုင်း သွားရောက်နိုင်ပြီး လေးနာရီသာ ကြာမြင့်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့ မှ ရေလမ်းကြောင်း ဖြင့်သွားလိုပါက နှစ်နာရီသာ ကြာမြင့်မည် ဖြစ်သည်။

အဆိုပါခရီးစဉ်တွင်  Dolphin Community Lodge ၌  အနားယူရင်း  ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သား  အကျိုးတူ ငါးဖမ်းခြင်းကို လေ့လာခြင်း၊  လက်မှုပစ္စည်းများ ဖြစ်သည့် ရက်ကန်းလုပ်ငန်း၊  အိုးလုပ်ငန်း၊ ဝါးခမောက် လုပ်ငန်း များ ပြုလုပ်သည့် ကျေးရွာများကို  လေ့လာခြင်းများလည်း ပြုလုပ်နိုင်သည်။

ဧရာဝတီလင်းပိုင် ပြသခြင်းနှင့် ပေါင်းစပ်၍ အင်ဒေါင်းကျေးရွာ လူထုအခြေပြု ခရီးသွား လုပ်ငန်းကို   စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်  ဝက်လက်မြို့နယ်  အင်ဒေါင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ ကော်မတီဖွဲ့၍ ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ ဧရာဝတီ လင်းပိုင်  လာရောက်ကြည့်ရှုသည့်  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ညအိပ် တည်းခိုခြင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများမှ ဝင်ငွေရရှိခြင်းဖြင့် ကျေးရွာလူထုအကျိုး ကျေးဇူးရရှိစေရန် ရည်ရွယ်၍ သားငှက် ထိန်းသိမ်း ရေးအဖွဲ့ (WCS Myanmar) တချို့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ  အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

Read 9 times Last modified on Friday, 12 April 2019 10:32