SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ပြ ရထားမြန်နှုန်းမြင့် ပို့ဆောင်ရေး စီမံကိန်း အသေးစိတ် လေ့လာမှု အစီရင်ခံစာကို ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိရန် ဆောင်ရွက်နေ

Friday, 19 April 2019 09:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ပြရထားမြန်နှုန်းမြင့် ပို့ဆောင်ရေး စီမံကိန်းအား ဆောင်ရွက်မှု အသေးစိတ်လေ့လာမှု အစီရင်ခံစာကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ထွက်ရှိရန် ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။

ယခုအခါ ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း၌ မြန်နှုန်းမြင့် စနစ်ဖြင့် ပြေးဆွဲနိုင်ရန် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်နေပြီး ယင်းစနစ်ကို ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံလေဆိပ်၊ လှိုင်သာယာမှ တိုးကြောင်ကလေးလမ်းပိုင်း နှစ်ခု၌ အကောင်အထည်ဖော် လျက်ရှိပြီး ၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည် ဖြစ်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်ကို ခေတ်နှင့်လျော်ညီမှု ရှိစေရန်နှင့် အများပြည်သူအားကိုးအားထား ဖြစ်လာစေရန် ရည်ရွယ် ဆောင်ရွက်နေကြောင်းနှင့် လက်ရှိတွင် မြန်နှုန်းမြင့်စနစ် အစီရင်ခံစာအတွက် အသေးစိတ် လေ့လာလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသော ရန်ကုန်မိုးပျံအမြန် လမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အတွင်းပတ်လမ်း စီမံကိန်း၏ လမ်းကြောင်းကို ကမ်းနားလမ်းနှင့် ဗိုလ်တထောင်လမ်းပိုင်းမှ စတင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အောက်ပုဇွန်တောင်လမ်း၊ ကြက်ဘဲဈေးကို ဖြတ်သန်း၍ သံသုမာလမ်းအတိုင်း ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

ယင်းမှတစ်ဆင့် မြောက်ဥက္ကလာပလမ်း အတိုင်းမှ မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်းအတိုင်း ဖြတ်သန်း၍ ဘုရင့်နောင်လမ်းအတိုင်း ဆက်လက်ဆောင်ရွက်ရန် စီစဉ်နေကြောင်းနှင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်ပေါ်စေရေး ယခုကဲ့သို့ စီမံကိန်းကြီးများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်ဒါခေါ်ယူထားပြီး နောက်ဆုံးအဆင့် တင်ဒါယှဉ်ပြိုင်ရန် ကုမ္ပဏီ ၁ဝ ခုကို ရွေးချယ်ထားသည်။ ယင်းကုမ္ပဏီများအနက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို ဇွန်လတွင် ကြေညာပေးမည် ဖြစ်ပြီး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအနေဖြင့် သုံးနှစ်အတွင်း အပြီးတည်ဆောက်ရမည် ဖြစ်သည်။ တည်ဆောက်မှုပြီးစီးပါက ကုန်ကျစရိတ် ပြန်လည် ရရှိစေရန်အတွက် လမ်းအသုံးပြုမည့် မော်တော်ယာဉ် များထံမှ ဖြတ်သန်းခ ကောက်ခံ၍ အကျိုးအမြတ် ရရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

Read 36 times Last modified on Friday, 19 April 2019 09:35