ဘားအံ ဧပြီ ၁၉
ကရင်ပြည်နယ် ဘားအံမြို့၏ အရှေ့ဘက် ၁၂ ကီလိုမီတာ အကွာ ဘားအံ- ကော့ကရိတ်- မြဝတီ ကားလမ်းမကြီးဘေးရှိ ကော့ကသောင် ကျေးရွာအမည်ကို အစွဲပြုခေါ်ဝေါ်သော သမိုင်းဝင် ကော့ကသောင်လိုဏ်ဂူတော်၏ နှစ်ကျိပ်ရှစ်ဆူဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဧပြီ ၁၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုစည်ကားလျက် ရှိကြောင်း သိရသည်။
ဘားအံမြို့မှ ကော့ကသောင်ဂူသို့ မော်တော်ကားဖြင့် မိနစ် ၂ဝ ခန့်သွားရပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဇာတ်သဘင်ပွဲများ၊ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများသာမက ခရီးသွားဘုရားဖူး ဧည့်သည်များ၊ နိုင်ငံခြားသားများနှင့် ရဟန်းရှင်လူများလည်း လာရောက်လည်ပတ် ဆင်နွှဲကြသည်။
ဘားအံမြို့ ထားဝယ်အောင်ကျေးရွာမှ ဦးသောင်းကြည်က ''နှစ်စဉ်နှစ်တိုင်း ကော့ကသောင်ဘုရားပွဲကို လာဖြစ်တယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ဘုရားပွဲကို လာတဲ့ဘုရားဖူး ဧည့်သည်တွေ ပိုများတယ်။ အရင်ကဘုရားပွဲကို ရွာတွေကနေ နွားလှည်းတွေနဲ့ လာရောက်ကြပြီး ကားတွေ၊ ဆိုင်ကယ်တွေ ယာဉ်အမျိုးမျိုးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လာရောက်ကြတာကို မြင်တွေ့ရတယ်''ဟု ပြောသည်။
ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များအား စတုဒိသာ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံသကဲ့သို့ ပတ်ဝန်းကျင်ကျေးရွာများမှ စေတနာရှင်များကလည်း ထမင်းနှင့်ဟင်းထုပ်များ၊ သောက်ရေသန့်ဘူးများကို ပွဲတော်အတွင်း ဖြန့်ဝေပေးသည့် ချစ်စရာဓလေ့ တစ်ခုကိုလည်း မြင်တွေ့ရသည်။
သမိုင်းဝင် ကော့ကသောင်လိုဏ်ဂူတော် နှစ်ကျိပ်ရှစ်ဆူဘုရား ဗုဒ္ဓပူဇနိယပွဲတော်သည် မဟာသင်္ကြန်ပွဲတော်ကို လိုက်၍ ဧပြီ ၉ ရက်တွင် ကျင်းပလေ့ရှိပြီး လွန်းည၊ ဆန္ဒန်ဂူ၊ ရေတံခွန်၊ ကော့ဂွန်း၊ ရသေ့ပျံ အစရှိသည့် ဘားအံမြို့ ပတ်ဝန်းကျင်မှ ဂူဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပပြီးစီးမှသာ နောက်ဆုံးအနေဖြင့် ကျင်းပသည့် ဗုဒ္ဓပူဇနိယ ပွဲတော်ဖြစ်သည့်အတွက် လာရောက်ဆင်နွှဲသူ ပိုမိုများပြားစည်ကားကြောင်း ဂေါပကအဖွဲ့ဝင် ဦးစောခင်စိုးထံမှ သိရသည်။