SJ WorldNews - шаблон joomla Авто

နိုင်ငံခြားသားများ စိတ်ဝင်တစားရှိလာသော Yangon Farmer Market အရောင်းသွက်

Sunday, 21 April 2019 11:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ ကန်တော်ကြီးကရဝိက်ဥယျာဉ် View Point အနီး ကုန်းမြင့်နေရာ၌ ဧပြီ ၂ဝ ရက်ကရောင်းချသော (၄၇) ကြိမ်မြောက် ရန်ကုန် တောင်သူ လယ်သမားထွက်ကုန် ဈေးကွက်  (Yangon Farmer Market) သို့ ပြည်တွင်း စားသုံးသူများ အပြင် နိုင်ငံခြား သားများပါ လာရောက်ဝယ်ယူကြ၍ အရောင်း သွက်ခဲ့ကြောင်း Farmer Market ဖြစ် မြောက်ရေး အတွက် စီစဉ်သူ မကြေးမုံလွင်၏ ပြောပြချက် အရ သိရသည်။

''ဒီဈေးက အပတ်စဉ် စနေနေ့တိုင်း ဖွင့်တဲ့ဈေးပါ။ ကျန်းမာရေးနဲ့ ညီအောင် အော်ဂဲ နစ်နည်းနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူ တွေရဲ့ အသီးအနှံတွေကို ရောင်းချပေးတာ ပါ။ စိုက်ပျိုးတဲ့ တောင်သူတွေ အနေနဲ့   ထုတ်ကုန်တွေကို ရောင်းချဖို့ ဈေးကွက်မရှိဘူး ဆိုရင် ကျွန်မတို့နဲ့ ဆက်သွယ်ပြီး အခမဲ့လာ ရောက်ရောင်းချနိုင်ပါတယ်။ ဒီလို သဘာဝ နည်းနဲ့ စနစ်တကျ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဝယ်ယူစားသုံးလိုတဲ့ ပြည်သူတွေလည်း ရှိတယ်။  အဓိက ကတော့  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံတွေဖြစ်ပြီး ဓာတုဆေးဝါး ကင်းလွတ်ရမယ်။ အခုဆို ရန်ကုန်မြို့ပေါ်က လူတွေ အပြင် နိုင်ငံခြားသားတွေပါ စိတ်ဝင်စားပြီး တဖြည်းဖြည်းနဲ့ ဝယ်လိုအား များလာတာ တွေ့ရတယ်။ နောက်ပိုင်းဆို ဝယ်လိုအား များလာတာနဲ့ အမျှ   ဈေးနှုန်းလျှော့ချပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပလတ်စတစ်   Free   ဖြစ်ဖို့ ကိုလည်း  ဒီဈေးပွဲတော်ကနေ    လှုံ့ဆော်နေတဲ့ အပိုင်းတွေ ရှိပါတယ်'' ဟု  မကြေးမုံလွင် က ပြောသည်။

အဆိုပါဈေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် တခြား ဒေသထွက် သဘာဝနည်းစနစ်ဖြင့်စိုက်ပျိုး ထားသောအသီးအရွက်များ၊  အသီးအနှံ အရောင်းဆိုင်များ၊ မွေးမြူရေးထွက်ပစ္စည်း များ၊ ဝါးနှင့်ပြုလုပ်ထားသောထုတ်ကုန်များကို ပြသထားပြီး ဆိုင်ခန်းပေါင်း ၇ဝ နီးပါး ပါဝင်ရောင်းချကြကာ   သဘာဝနည်းဖြင့် ပြုလုပ်သော    မုန့်မျိုးစုံအရောင်းဆိုင်များ လည်း  ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။

အဆိုပါ  Farmer Market ကို ၂ဝ၁၈ ခုနှစ် မေလတွင် ဆိုင်ပေါင်း ၂ဝ  ကျော်ဖြင့် စတင်ခဲ့ရာ ယခုအခါ လာရောက်ရောင်းချ သည့် ဆိုင်ခန်းပေါင်း ၇ဝ ခန့် ရှိလာပြီဖြစ် ကြောင်း၊ အပတ်စဉ် ရက်သတ္တပတ်၏ စနေ နေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီအထိ ကန်တော်ကြီးဥယျာဉ်၌ ဖွင့်လှစ်ရောင်းချ ပေးနေသောကြောင့် ပါဝင်ရောင်းချလိုသူများ အနေဖြင့် Yangon  Farmer  Market လူမှုကွန်ရက် စာမျက်နှာတွင်   ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။

ယင်းဈေးကွက်၌ ရောင်းချနိုင်ရန် Farmer Market နည်းစနစ် အတိုင်း  ပြည်ပမှ မှာ ယူတင် သွင်းလာသော ပစ္စည်းများကို လက်မခံဘဲ ကိုယ်တိုင် စိုက်ပျိုးထားသော ထုတ်ကုန် ပစ္စည်းများနှင့် ပြည်ပမှ ကုန်ကြမ်းယူပြီး ကိုယ်ပိုင်ဟန်ဖြင့် ထုတ်လုပ်သောပစ္စည်းများ ကိုသာ  လက်ခံကြောင်း၊  ထွက်ကုန်များကို Farmer Market နှင့် ကိုက်ညီသော ပစ္စည်း ဟုတ်၊ မဟုတ် ဆန်းစစ် လေ့လာ ရွေးချယ်ပြီး ကိုက်ညီမှသာ   လက်ခံရောင်းချ စေခြင်းဖြစ် ကြောင်း သိရသည်။         

မောင်မျိုး(ဧရာဝတီ)

Read 23 times