Print this page

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အသုံးပြုမည့် ဂျပန်နိုင်ငံမှ သံလမ်းများ ဒုတိယ အသုတ်အဖြစ် ယခုလကုန်ပိုင်းတွင် ရောက်ရှိမည်

Tuesday, 14 May 2019 12:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အသုံးပြုမည့်  ဂျပန်နိုင်ငံမှသံလမ်းများ  ဒုတိယ အသုတ်အဖြစ် ယခုလကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်း အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်း ၏  ပြောကြားချက်အရ သိရသည်။

အဆိုပါ  ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် အသုံးပြုရန် ဂျပန်နိုင်ငံမှဝယ်ယူထားသည့် သံလမ်းများသည်  ရန်ကုန်ဆိပ်ကမ်းသို့ ခုနစ်သုတ်ခွဲ၍ ရောက်ရှိလာမည်ဖြစ်ပြီး  ပထမ အသုတ်အနေဖြင့်   သံလမ်းတန်ချိန် ၂၈၅ဝ သည် မေ ၁ ရက်က ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ တစ်ကြိမ်လျှင်  သံလမ်းတန်ချိန်ပေါင်း  ၃ဝဝဝ ကျော်အထိ ပါဝင်မည်ဖြစ်ပြီး သံလမ်းများကို ဂျပန်နိုင်ငံမှ ODA ချေးငွေဖြင့် ဂျပန်ကုမ္ပဏီကို   တင်ဒါခေါ်ယူ ဝယ်ယူခြင်းလည်း ဖြစ်သည်။ လက်ရှိရောက်ရှိနေသော သံလမ်းများကို ရန်ကုန်-တောင်ငူလမ်းပိုင်း အတွင်းမှ ပြွန်တန်ဆာ၊  ညောင်လေးပင်  စသည်ဖြင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ပေအားဖြင့် ၈၂  ပေ  ရှည်လျားသည့် သံလမ်းဖြစ်သည်။

''ဒုတိယအသုတ် အနေနဲ့က ဒီလကုန်ပိုင်းမှာ ရောက်မယ်။ဝယ်ယူထားတဲ့ သံလမ်းတွေအတွက် ကုန်ကျစရိတ်ကိုတော့ အသေးစိတ် မပြောနိုင်သေးဘူး။  ရောက်ရှိလာတဲ့ သံလမ်းတွေကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်မယ့် လမ်းပိုင်းတွေမှာ   ပုံထားမှာဖြစ်ပါတယ်။  မြန်နှုန်းမြင့်ပြေးဆွဲနိုင်ဖို့  သံလမ်းတွေကို  လဲလှယ် အသုံးပြုမှာ ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ သံလမ်းက တစ်မီတာကို ၉၅ ပေါင် အလေးချိန်ရှိပြီး ၃၉ ပေရှည်တဲ့ အမျိုးအစားပါ။ အခုရောက်ရှိ ထားတာတွေက တစ်မီတာကို ပေါင် ၁ဝဝ အလေးချိန်ရှိပြီး  ၈၂ ပေရှည်တဲ့  သံလမ်း အမျိုးအစားတွေ ဖြစ်ပါတယ်။ ရောက်လာတဲ့ သံလမ်းတွေကို  Dry  Port လုပ်ထားတဲ့ နေရာတွေဆီ   ရထားတွဲဆိုင်း သုံးဆိုင်းနဲ့ ပို့ဆောင်မှာဖြစ်ပါတယ်'' ဟု ဦးထွန်းအောင်သင်း ကပြောသည်။

လက်ရှိတွင်  စီမံကိန်းအတွက်   လမ်းခင်းကျောက်စုပုံခြင်း     လုပ်ငန်းကိုလည်း ဆောင်ရွက်ထားပြီး   ရောက်ရှိထားသော သံလမ်းများကို ၁၆၆ မိုင်အရှည်ရှိ ရန်ကုန်-တောင်ငူလမ်းပိုင်း၌ အသုံးပြုမည်ဖြစ်ကြောင်း၊  ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ၂ဝ၁၈ ခုနှစ်က စတင် ဆောင်ရွက်နေပြီး ၂ဝ၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

Read 41 times Last modified on Tuesday, 14 May 2019 12:10