Print this page

ယခုနှစ်တွင် ချင်းတွင်းမြစ် ရေလမ်းကြောင်း ပြောင်းလဲ စီးဆင်းသဖြင့် တစုန်းငုတ် ပိုမိုများပြား

Wednesday, 15 May 2019 12:24 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး၏    အဓိကမြစ်တစ်ခုဖြစ်သော  ချင်းတွင်းမြစ်သည် ယခုနှစ်တွင်  ရေလမ်းကြောင်း  ပြောင်းလဲစီးဆင်းသဖြင့် မြစ်ကြမ်းပြင်ရှိ   တစုန်းငုတ်များသည် ယခင်နှစ်များထက် ပိုနုတ်ခဲ့ရကြောင်း    သိရသည်။

ပြီးခဲ့သည့်မိုးရာသီတွင် မြစ်ရေကြီးမြင့်မှု တစ်ကြိမ်သာဖြစ်ပေါ်ပြီး  မြစ်ရေစီးဆင်းမှုသည် ရေလမ်းကြောင်း ပြောင်းလဲစီးဆင်းသဖြင့် မြစ်အတွင်း တည်ရှိသည့်ကျွန်းများ တိုက်စားခဲ့ရာ ယင်းကျွန်းများ၏ အောက်တွင် ယခင်တင်ကျန် ခဲ့သည့် တစုန်းငုတ်များသည် ပေါ်လာသဖြင့် များပြားခြင်းဖြစ်သည်။

''အခုရေယာဉ်ကြီး၊ ယာဉ်ငယ်တွေသွားလို့ ရနေပြီ။ပြီးခဲ့တဲ့မိုးရာသီမှာ ရေနည်းပေမယ့် ချင်းတွင်းမြစ်က ရေလမ်းကြောင်းပြောင်းတဲ့ အတွက်  အရင်ကတင်ကျန်တဲ့ တစုန်းတွေ အခုနှစ်မှာပေါ်လာတာ။အတော့်ကိုများတယ်။

မြစ်ထဲကမျောလာပြီး တင်ကျန်ခဲ့လို့    တစုန်းပေါတာ မဟုတ်ဘူး။ ဟိုတုန်းက တင်ကျန်ပြီးသဲတွေ၊  နုန်းတွေဖုံးပြီး   ကျွန်းတွေဖြစ်နေတယ်။ အဲဒီကျွန်းတွေက အခုနှစ်မှာ မြစ်ရေလမ်းကြောင်း ပြောင်းပြီး မြစ်ရေတိုက်စားတော့ အောက်မှာရှိတဲ့  တစုန်းတွေ ပေါ်လာတာဖြစ်တယ်။တစုန်းငုတ်နုတ်ခြင်း လုပ်ငန်း  ပထမပိုင်းရော၊ ဒုတိယပိုင်းရော ပြီးသွားပြီ။ အဓိကများတာကတော့ ဟုမ္မလင်း အောက်ပိုင်းက အများဆုံးပဲ။

အခုနှစ်မှာ ဟုမ္မလင်းအောက်ဘက် ရေလမ်းကို အန္တရာယ်ကင်းကင်းနဲ့ ရေယာဉ်တွေ သွားလာနိုင်ဖို့အတွက် နုတ်တာပါ။ တစုန်းတွေက အပုံတစ်ပုံကို အများကြီးပဲ။ အခုတစုန်းနုတ်လုပ်ငန်းပြီးစီးသွားပြီ''ဟု   စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းက ပြောသည်။

ချင်းတွင်းမြစ်အတွင်း တစုန်းနုတ်ခြင်း လုပ်ငန်းကို   နှစ်စဉ်နွေရာသီတွင် မုံရွာ-မော်လိုက် အပိုင်းနှင့် မော်လိုက်-ဟုမ္မလင်းအပိုင်းဟူ၍ နှစ်ပိုင်းခွဲ လုပ်ဆောင်လျက်ရှိရာ မုံရွာ-မော်လိုက်အပိုင်းကို ၂ဝ၁၉ ခုနှစ် မတ်လနောက်ဆုံးပတ်မှ ဧပြီလပထမပတ်အတွင်း လည်းကောင်း၊ မော်လိုက်-ဟုမ္မလင်းအပိုင်းကို    ဧပြီလအတွင်း လည်းကောင်း၊   ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် တစုန်းနုတ် ရေယာဉ်(တနယ-၂)ဖြင့် နုတ်ပေးကြောင်း သိရသည်။

Read 64 times Last modified on Wednesday, 15 May 2019 12:25