SJ WorldNews - шаблон joomla Авто

ဟိုတယ်စံနှုန်း သတ်မှတ်မှုအတွက် ပြည်ပ ကျွမ်းကျင်သူများ၏ အကူအညီ ရယူမည်

Thursday, 16 May 2019 13:17 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းဟိုတယ်များ၏ အရည်အသွေး စံချိန်စံနှုန်းများပေါ် မူတည်၍  စံသတ်မှတ်ချက်များ ပြုလုပ်ရာတွင်  မျှတသော စံသတ်မှတ်ချက်များ ဖြစ်စေရန် ပြည်ပမှ ကျွမ်းကျင်သူများ၏  အကူအညီများ  ရယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ခိုင်၏ ပြောပြချက်အရ သိရသည်။

''ဟိုတယ်တွေ စံနှုန်းသတ်မှတ်ဖို့ ပြည်ပကနေ  ကျွမ်းကျင်သူတွေကို ခေါ်တယ်။

ပြည်တွင်းက   ကျွမ်းကျင်သူတွေနဲ့  စံနှုန်းသတ်မှတ်ရင် အငြင်းပွားမှုတွေ ဖြစ်မှာစိုးလို့ပါ''ဟု ဦးကျော်ခိုင် ကပြောသည်။

အဆိုပါစံနှုန်း သတ်မှတ်ခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍  ယခုအခါ  မြန်မာနိုင်ငံ၏  ဟိုတယ်များ၌     စံသတ်မှတ်ချက်များ    ပြုလုပ်နိုင်ရန်  မြန်မာနိုင်ငံနှင့် ကိုက်ညီသော  အဆင့် သတ်မှတ်ချက်များကို ရွေးချယ်သည့် အဆင့်သို့ ရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့  ရွေးချယ်ခြင်းဖြင့်  ဟိုတယ်များ အနေဖြင့်  မိမိတို့ ရောက်ရှိနေသည့် အဆင့်ကို သိရှိပြီး  မိမိတို့လိုချင်သည့်  အဆင့်အနေအထားပေါ် မူတည်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

''ဟိုတယ်တွေအားလုံးမှာ  အဆင့်ရှိတယ်။ ကိုယ့်ဟိုတယ်က ဘယ်အဆင့်ရောက် မှန်းမသိ ဖြစ်နေတယ်။ 5 Star အဆင့်ဟိုတယ် ဆိုရင် ရေကူးကန်ပါရမယ်၊ အနှိပ်ခန်းပါရမယ်၊ ကာရာအိုကေ ရှိရမယ်၊ အခန်းဘယ်လောက် ကျယ်ရမယ်ဆိုတဲ့ စံနှုန်းရှိတယ်။ စံသတ်မှတ်ချက်ကိုလည်း 4 Starsနဲ့ 5 Stars ဆိုပြီး ခွဲ ထားတယ်''ဟု ဦးကျော်ခိုင် ကပြောသည်။

 ဟိုတယ်လုပ်ငန်းများ အနေဖြင့် ဟိုတယ်လုပ်ငန်း လုပ်ကိုင်မှုများ တိုးမြှင့် လုပ်ဆောင် လာကြသော်လည်း ဟိုတယ်၏ ကောင်းမွန်သည့်   ဝန်ဆောင်မှုရှိ၊ မရှိကို  ပြန်လည်သုံးသပ်မှု မရှိဖြစ်နေကြောင်း သိရသည်။

သို့ဖြစ်ရာ    စံနှုန်း သတ်မှတ်ချက်များ ပြုလုပ်ပြီးပါက  မိမိဟိုတယ် အဆင့်အလိုက် ဝန်ဆောင်မှုများ  ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၌ ပြည်ပနှင့် ဆက်စပ် လုပ်ကိုင်နေသော   ဟိုတယ်အလုံးပေါင်း ၂၆ လုံးအပါအဝင် တစ်နိုင်ငံလုံး၌ ဟိုတယ် စုစုပေါင်း ၁၃၁၂ လုံးနှင့် ဟိုတယ်အခန်းပေါင်း  ခုနစ်သောင်းကျော် ရှိကြောင်း  သိရသည်။

Read 14 times Last modified on Thursday, 16 May 2019 13:18