SJ WorldNews - шаблон joomla Авто

ပြင်သစ်ဖြွံ့ဖိုး တိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြု

Friday, 17 May 2019 11:46 font size decrease font size decrease font size increase font size increase font size

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေကျပ် ၉ဝ၉၅ ဒသမ ၂၆၂ သန်းအနက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေကျပ် ၈၅၉ ဒသမ ဝ၅၄ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကျူးဘားနိုင်ငံ ဟာဘာနားမြို့တွင် အသစ် ဖွင့်လှစ်မည့် မြန်မာသံရုံးဟာ ဘာနားအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၈၅၉ ဒသမ ဝ၅၄ သန်းကို အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ခွင့်ပြုနိုင်ရန် ရှင်းလင်း တင်ပြသည်။

ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သုံးစွဲငွေကျပ် ၈၅၉ ဒသမ ဝ၅၄ သန်း ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း နာယကက ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံနှင့် ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံအကြား သံတမန် အဆက်အသွယ် ထူထောင်ခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအပြင် အပြည်ပြည်ဆိုင်ရာ နယ်ပယ်တွင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတို့၌ ပိုမိုတိုးတက် အောင်မြင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယကက ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းဖြေကြားပြီး ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်းချေးငွေရယူ၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ငါးရုံကို အကြီးစား/အလုံးစုံပြုပြင် မွမ်းမံရေး စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် တစ်နှစ်လျှင် ဓာတ်အားယူနစ်ပေါင်း ၈၁ သန်း ပိုမိုထွက်ရှိလာခြင်း၊ ဓာတ်အားပေးစက်များကို ပျက်စီးမှုနည်းပါးစွာ၊ သက်တမ်းရှည်ကြာစွာ၊ ယုံကြည်စိတ်ချစွာ မောင်းနှင်ဓာတ်အား ထုတ်လုပ်နိုင်ခြင်း၊ ရေလှောင်တမံများတွင် စောင့်ကြည့် တိုင်းတာရေးကိရိယာများ တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ရေလှောင်တမံများနှင့် ရေလှောင်တမံ အောက်ပိုင်း နေထိုင်သည့်သူများ ကြုံတွေ့ရနိုင်သည့် ဘေးကင်းမှုနှင့် ဘေးအန္တရာယ် လုံခြုံမှုအား မြှင့်တင်ပေးခြင်း၊ တိုးမြှင့်ထွက်ရှိလာသည့် ဓာတ်အားပမာဏဖြင့်သာ နှစ်စဉ်ပြန်လည် ပေးအပ်ရမည့် ချေးငွေပမာဏကို ပေးဆပ်နိုင်မှုကြောင့် နိုင်ငံတော်အတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုး မသက်ရောက်နိုင်ခြင်း စသည့် အကျိုးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှု မရှိဘဲ အကျိုးရရှိမည်သာ ဖြစ်သော AFD ထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေရယူ၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ငါးရုံပြုပြင်မှု လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုနိုင်ရန်နှင့် လွှတ်တော်က အတည်ပြုပေးနိုင်ရန် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နှစ်နိုင်ငံအစိုးရအကြား ချေးငွေယူရာတွင် ချေးငွေပေးအပ်သည့်နိုင်ငံက ချေးငွေရလိုသည့် စီမံကိန်းနှင့် ချေးငွေရယူ လိုသည့်ပမာဏတို့ကို ချေးငွေရယူမည့်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာ ချေးယူနိုင်တာဖြစ်ကြောင်း၊ ယခုချေးငွေပေးအပ်သည့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ AFD ကလည်း လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် ချေးငွေပေးရန် သဘောတူပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လည်း ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒနှင့်အညီ ငွေချေးယူခြင်း ဖြစ်ကြောင်း သို့ဖြစ်ပါ၍ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံငါးရုံ အလုံးစုံမွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ AFD ထံမှ ချေးငွေယူရို ၃၅ ဒသမ ၇ သန်းရယူရေး ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးရန် ရှင်းလင်းတင်ပြသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် စက်ခလုတ်နှိပ်မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ဝ၆ ဦးအနက် ထောက်ခံမဲ ၅၄၆ မဲ၊ ကန့်ကွက်မဲ ခုနစ်မဲနှင့် ကြားနေမဲမရှိဖြစ်၍ ထောက်ခံဆန္ဒမဲ များသည့်အတွက် ပြည်ထောင်စု လွှတ်တော်က သဘောတူအတည်ပြုကြောင်း နာယကက ကြေညာသည်။

¤င်းနောက် ပြည်ထောင်စုအစိုးရ အဖွဲ့က ပေးပို့သော ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအမျိုးသား စီမံကိန်း အစီရင်ခံစာနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ဖြစ်ကြသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သူ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းတင်ပြသည်။

အဆိုပါ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂ဝ၁၉)နှင့် အစီရင်ခံစာ (၆/၂ဝ၁၉)တို့ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းက အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သော ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း နာယကက ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို မေ ၂ဝ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်လှိုင်ဝင်း(မြဝတီ)

Read 10 times Last modified on Friday, 17 May 2019 11:46