SJ WorldNews - шаблон joomla Авто

ရုတ်တရက် လေပြင်းကျရောက်လာပါက နီးစပ်ရာ၌ခိုလှုံရန် စက်တပ်သမ္ဗန် မောင်းနှင်သူများအား ညွှန်ကြားထား

Friday, 24 May 2019 08:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြစ်အတွင်း ခရီးသည်တင် စက်တပ်သမ္ဗန်မောင်းနှင်သူ များအနေဖြင့် ခုတ်မောင်းနေစဉ် ရုတ်တရက်လေပြင်း ကျရောက်လာပါက အန္တရာယ်မဖြစ်စေရေးအတွက် နီးစပ်ရာ ဗော်ယာများနှင့် ကမ်းစပ်များ၌ ခိုလှုံကြရန် ညွှန်ကြားထားကြောင်း စက်တပ်သမ္ဗန်ဂိတ်များမှ သိရသည်။

လက်ရှိကာလသည် ရာသီဥတု အကူးအပြောင်းနှင့်အတူ ရုတ်တရက် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်ကာလဖြစ်သောကြောင့် မလိုလားအပ်သော ဘေးအန္တရာယ်များ မတွေ့ကြုံစေရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

''မိုးဦးကျကာလရောက်ရင် လေပြင်းတွေ ရုတ်တရက်တိုက်ခတ်ပြီး ဟိုဘက်ဒီဘက်ကို မမြင်ရလောက်အောင် မိုးရွာတာမျိုးဖြစ်တတ်တယ်။ အဲဒီအခါ လေကွယ်နိုင်မယ့် လုံလောက်တဲ့ အကာအကွယ်မျိုးရရှိတဲ့ နေရာမှာ ခိုလှုံကြဖို့ ပြောထားတာဖြစ်ပါတယ်။ ဂိတ်မှူးတွေအနေနဲ့လည်း ကိုယ့်ဂိတ်က စက်တပ်သမ္ဗန်တွေကို အန္တရာယ်မကြုံအောင် စစ်ဆေးကြပ်မတ်တာတွေ လုပ်နေကြပါပြီ'' ဟု ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် စက်တပ်သမ္ဗန်များတွင် စက်စွမ်းအားကြံ့ခိုင်ကောင်းမွန်စေရန်နှင့် သတ်မှတ်ထားသော ခရီးသည်ဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် မြို့နယ်စက်တပ်သမ္ဗန်များ ကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့မှ ဒလဘက်ကမ်းသို့ သမ္ဗန်စီး၍ သွားလာနေကြသော ခရီးသည် အများအပြား ရှိသကဲ့သို့ စက်တပ်သမ္ဗန်ဂိတ် မှာလည်း ၁ဝ ခုခန့်ရှိကြောင်း၊ ဂိတ်တစ်ခု၌ တစ်ရက်လျှင် ပျမ်းမျှခရီးသည် ၁၅ဝဝဝ ကျော်အထိ ပို့ဆောင်ပေးနေရကြောင်းသိရသည်။

''တစ်ခါတလေ မြစ်လယ်ရောက်တော့မှ မိုးတအားရွာပြီး လေတိုက်တာမျိုး ကြုံဖူးပါတယ်။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ကိုယ့်ခရီးသည် ဘေးကင်းဖို့ပဲ အာရုံထားတယ်။ မြစ်လယ်ရောက်မှ အဲဒီလိုကြုံပြီး မြင်ကွင်းမကောင်းရင် တော်တော်လေး သတိထားရတယ်။ ရေလယ်ဗော်ယာတွေမှာ ချိတ်ထားတဲ့ သင်္ဘောတွေလည်းရှိနေတော့ အန္တရာယ် ကင်းအောင် သတိထားပြီး နီးစပ်ရာကမ်းကို မြန်မြန်ရောက်အောင် မောင်းပေးခဲ့ရဖူးတယ်'' ဟု လုပ်သက်နှစ် ၃ဝ ကျော်ရှိနေသော စက်တပ်သမ္ဗန်လုပ်သားကို ထိန်လင်းက ပြောသည်။

ထို့ကြောင့် စက်တပ်သမ္ဗန် များအနေဖြင့် လေပြင်းတိုက်ခတ်နေချိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တို့တွင် ဂိတ်မှမထွက်ခွာဘဲ လေငြိမ်သည်အထိ စောင့်ဆိုင်းကြရန် လိုအပ်ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 20 times Last modified on Friday, 24 May 2019 08:33