SJ WorldNews - шаблон joomla Авто

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Friday, 24 May 2019 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(United Nations High Commissioner for Refugees-UNHCR)တို့အကြား နားလည်မှု စာချွန်လွှာ(MoU)လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ရေးထိုးသည့် နားလည်မှု စာချွန်လွှာသည် အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မူဘောင်တစ်ခုဖြစ်ပြီး  အသေးစိတ်လုပ်ငန်းစဉ်များကို    ထပ်မံညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ MoU  အရ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိပါကလည်း  မိမိတို့ဝန်ကြီးဌာနအား  ဦးစွာအသိပေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အခက်အခဲများ ရှိခဲ့လျှင်လည်း ညှိနှိုင်း ပူးပေါင်း၍  အဖြေရှာကြရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူသားချင်း စာနာကူညီမှု လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရသကဲ့သို့ တစ်ဖက်တွင်လည်း  ဘေးသင့်ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့ကိုပါ  ဦးစားပေး လုပ်ဆောင်ရကြောင်း၊ UNHCRနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လက်ခံခြင်း၊ အကြောင်းအမျိုးမျိုးကြောင့်    ပြည်တွင်းနေရပ် စွန့်ခွာသူများအား ထောက်ပံ့ခြင်းနှင့် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးခြင်း လုပ်ငန်းများတွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း  ပြောကြားသည်။

ဆက်လက်၍ UNHCR ၏ မဟာမင်းကြီး Mr. Filippo Grandi က MoU လက်မှတ် ရေးထိုးနိုင်သည့်အတွက် များစွာ ဝမ်းမြောက်ကြောင်း၊ ဒုတိယဝန်ကြီး၏ အဖွင့်အမှာစကားနှင့်အညီ  ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ မိမိလာရောက်စဉ်အချိန်အတွင်း လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြန်လည် ပြောကြားသည်။

ထို့နောက် UNHCR ၏ မဟာမင်းကြီး Mr. Filippo Grandi နှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်တို့က နားလည်မှု စာချွန်လွှာကို အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

အဆိုပါအခမ်းအနားသို့  နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ UNHCR ၏ ဌာနေ ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 40 times Last modified on Friday, 24 May 2019 09:05