၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်၌ ယခုအခါ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၆ဝ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရ အဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးနှင့် အဖွဲ့သည် မြို့ပေါ်တွင် ဆောင်ရွက်လျက်ရှိသော မြို့နယ်ခန်းမ တည်ဆောက်ရေးလုပ်ငန်း၊ လေးခန်းတွဲသုံးထပ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ လေးခန်းတွဲလေးထပ် မြို့နယ်ကျန်းမာရေး ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လေးခန်းတွဲ သုံးထပ် ဒီးမော့ဆိုမြို့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ သမဝါယမ ဦးစီးဌာနမှ သုံးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးသစ် တည်ဆောက်နေမှုလုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိသော မြို့တွင်းလမ်း/တံတားလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်နေသော ကုမ္ပဏီများအား လုပ်ငန်းများ အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာ များကလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာများတွင် ဆောင်ရွက် လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)