SJ WorldNews - шаблон joomla Авто

လေပြင်းတိုက် မိုးကြိုးထိမှန်သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့်နေအိမ်အချို့ ပျက်စီး

Friday, 24 May 2019 17:32 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဘွဲ့ခြားကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာအုပ်စုနှင့် ငှက်သိုက်ကြီးကျေးရွာ အုပ်စုတို့တွင်  မေ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်ပြီး မိုးကြိုးထိမှန်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးကာ တိရစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘွဲ့ခြားကျေးရွာအုပ်စု ကန်သစ်ကုန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ်အလုံး ၄ဝ ခန့် အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူနေအိမ်လေးလုံးမှာ ပြိုကျပျက်စီးခဲ့ကာ ဘွဲ့ခြားကျေးရွာအုပ်စု  ရွာကုန်းကြီးကျေးရွာတွင် လူနေအိမ် ၁ဝ လုံးခန့် အမိုးလန်ပျက်စီးခဲ့သည်။

ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာရွာတွင် လူနေအိမ်ခြောက်လုံးခန့် အမိုးလန် ပျက်စီးခဲ့ပြီး ညောင်ပင်သာ ကျေးရွာအုပ်စု တမာကျေးရွာနေ ဦးမောင်စိုး၊ ဒေါ်ယဉ်လှ တို့၏ နေအိမ်ခြံဝင်းအတွင်းရှိဆိတ်ခြံမှ ဆိတ်ခြောက်ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကာ ငှက်သိုက်ကြီး ကျေးရွာအုပ်စု ထနောင်းကန်ကျေးရွာတွင် လူနေအိမ်တစ်လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်၍ ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှင်းလင်းရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

Read 37 times Last modified on Friday, 24 May 2019 17:33