SJ WorldNews - шаблон joomla Авто

ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး

Sunday, 26 May 2019 11:26 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းထက်သော လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေး ကြိုးပမ်းရာတွင် နိုင်ငံတိုင်း၌ ပညာရေးကို ဦးစားပေး ဖော်ဆောင်ကြသည်။ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် တို့သည်လည်း ပညာရေး မြှင့်တင်ရန် ကြိုးပမ်းအားထုတ် ခဲ့ကြသည်။ မျက်မှောက်ကာလ ခေတ်သစ်စနစ်သစ်တွင် ကျောင်းနေ အရွယ်ကလေး အားလုံး ကျောင်းအပ်နှံရေးနှင့် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အခမဲ့ပညာ သင်ယူနိုင်ရေး တို့အပြင် သင်ထောက်ကူ ပစ္စည်းထောက်ပံ့ရေးကိုပါ ဖော်ဆောင်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် ယခု ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂ဝ၁၉ ခုနှစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ရက်သတ္တပတ် ကာလကို အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းအပ်နှံရေး လုပ်ငန်းကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ သာမက ကျောင်းသားများနှင့် ကျောင်းသားမိဘများတွင် တာဝန်ကိုယ်စီ ရှိကြသည်။

ပညာရေးအတွက် လူတိုင်းကိုယ်စီ တာဝန်ရှိ၍ တာဝန်ခံ ဆောင်ရွက်ရမည်ကို ယူနက်စကို၏ ကမ္ဘာလုံးဆိုင်ရာ ပညာရေး လေ့လာဆန်းစစ်မှု အစီရင်ခံစာ  (၂ဝ၁၇) (UNESCO, Global Education Monitoring Report, 2017) ၏နိဒါန်းတွင်  အောက်ပါအတိုင်း ဖော်ပြထားပါသည် “Education is a  collective responsibility for all Stakeholders “ ဆိုလိုသည့် အဓိပ္ပာယ်မှာ ''ပညာရေးကို ပညာရေးနှင့်  ဆက်နွှယ် ပတ်သက်သူများအားလုံး ပေါင်းစု တာဝန်ယူ ဆောင်ရွက်ရမည်။''နိုင်ငံတစ်နိုင်ငံ၏ ပညာရေးတွင် အရေးကြီးသော အချက်မှာ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းနေမြဲရေးနှင့် အရည်အသွေးမြင့် ပညာရေး ရရှိရေးဖြစ်သည်။ ထိုအချက်ကို အကောင်အထည် ဖော်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁)၏ မဟာဗျူဟာမြောက် အပြောင်းအလဲ တစ်ရပ်အဖြစ် ကလေးအားလုံး အရည်အသွေးရှိ  အခြေခံပညာကို သင်ယူခွင့်ရရှိပြီး တန်းစဉ်အဆင့်ဆင့် ဆက်လက်သင်ယူ ပြီးမြောက်နိုင်ရန် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အစိုးရက အခြေခံပညာကဏ္ဍ သင်ယူနိုင်သည့် အခွင့်အလမ်း ရရှိရေး ဖော်ဆောင်သကဲ့သို့ စေတနာရှင် ပြည်သူများကလည်း ကျောင်းပြင်ပပညာရေးကို  စေတနာသဒ္ဓါ တရားထက်သန်စွာ  ကူညီဆောင်ရွက် ပေးနေကြသည်။

ယနေ့ကာလသည် ပညာခေတ် ဖြစ်လာသည် နှင့်အညီ ကမ္ဘာ့နိုင်ငံ အသီးသီးသည် စိန်ခေါ်မှု ပေါင်းများစွာကို ရင်ဆိုင်တွေ့ကြုံ နေရသည်။ သို့ဖြစ်ရာ မျက်မှောက်ကာလ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး လုပ်ငန်းများကို စီမံချက်ချ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပညာရေး ဝန်ကြီးဌာန၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ သာမက ကျောင်းသား၊ မိဘပြည်သူများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတို့အကြား တက်ညီလက်ညီ   ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သည်။

အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် မောင်းနှင်အားများ ဖြစ်သည့် ဘက်စုံထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆောင်ရွက်ရာ၌ အဓိကကျပြီး ပဓာန အရင်းခံဖြစ်သည့် ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေနိုင်စေရန် အခမဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေးများကို အကောင်အထည်ဖော်ပေးခဲ့ရာ ကျောင်းနေမှုနှင့် ကျောင်းအပ်နှံမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်ကို တွေ့ရှိရသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျောင်းသို့အရောက် မိဘအုပ်ထိန်းသူ ကိုယ်တိုင် သွားရောက် အပ်နှံပေးကြဖို့ လိုအပ်သည်။   ''ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး'' ဟူသော ပညာရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်အတိုင်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှသာလျှင်   ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းနေအရွယ် ကလေးတိုင်း၏   ကျောင်းအပ်နှံမှု အဆင်ပြေ ချောမွေ့စွာ ပြီးစီးမည်ဖြစ်သည်။

ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်နေစဉ်အတွင်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမအားလုံးနှင့် အရာထမ်း အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ၊ မိဘ၊ အုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်စသည့် အသိပေး လှုံ့ဆော်ခြင်းများကိုလည်း ပညာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ အားလုံးနှင့် ပညာရေးဌာန အရာထမ်း အမှုထမ်းများအနေဖြင့် ငွေကြေးကောက်ခံခြင်း၊ ငွေကြေးတံစိုး လက်ဆောင်ရယူခြင်း၊ ကျောင်းတံဆိပ်၊ အတန်းတံဆိပ်နှင့် အခြားမည်သည် တို့ကိုမျှ ရောင်းချခြင်း မပြုရန်၊ ကျောင်းတက်မှန်ပြီး စာသင်ချိန်အတွင်း အတန်းများ ဝင်ရောက်မှုများကာ ကျောင်းသား၊ ကျောင်းသူများ တတ်မြောက်မှု ရှိအောင် သင်ကြားပို့ချခြင်းတို့ကို ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်မှန်ရေး၊ ကျောင်းတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်   ပါဝင်ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေမြဲပြီး အကျင့်စာရိတ္တ ကောင်းမွန်ရေးတို့ကို မိဘများနှင့်ဆရာ ပူးပေါင်း ဆောင်ရွက်သွားကြရန် သိရှိလိုက်နာရမည့် အချက်များတွင် ဖော်ပြပါရှိပေသည်။ 

လတ်တလော ကြုံတွေ့နေရသည့် မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် အချို့သော မိဘများသည် မိမိတို့၏ ကျောင်းနေအရွယ် ကလေးများကို ကျောင်းအပ်နှံခြင်း မပြုဘဲ အရွယ်မရောက်ခင်မှာပင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များတွင် စားပွဲထိုးအလုပ်များ၊ ကားမှတ်တိုင်၊ ခရီးသည်တင်ကား၊ ရထား၊ သင်္ဘောများပေါ်တွင် သတင်းစာ၊ ဂျာနယ်၊ စာစောင်များ၊ ကွမ်းယာ၊ဆေးလိပ်၊ မုန့်ပဲသရေစာများ ရောင်းခိုင်းလေ့ရှိသည်။ အဆိုပါ မိသားစုများမှ ကလေးငယ်များနှင့် မိဘများကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ကျောင်းကော်မတီလူကြီးများက တွေ့ဆုံကာ ကလေးငယ်များအား ကျောင်းအပ်နှံရေး  စည်းရုံးသိမ်းသွင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါသည်။ မိသားစု၏ လတ်တလော အခက်အခဲကို အခြားနည်းလမ်းဖြင့်သာ  ဖြေရှင်းသင့်ကြောင်း၊ ဖြူစင်သန့်ရှင်းသည့် လူငယ်

ကလေးများကို လမ်းပေါ်၊ အလုပ်ခွင်သို့ စေလွှတ်မည့်အစား ကျောင်းစာသင်ခန်း အတွင်းသို့ ဝင်ခွင့်ပေးသင့်ကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုသည် မျိုးဆက်သစ် လူငယ်များအပေါ် တည်မှီနေခြင်းကြောင့် ကျောင်းသားလူငယ်များ ကျောင်းနေနိုင်ရေး၊ ကျောင်းအပ်နှံရေး လုပ်ငန်းကို မိဘ၊ ဆရာ၊ အုပ်ချုပ်သူ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့  တက်ညီလက်ညီ ပူးပေါင်းကူညီ ဆောင်ရွက်သွားရန် လိုအပ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည်  မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီနေသည်။ ယနေ့နိုင်ငံတော်က တည်ဆောက်နေသော ခေတ်မီတိုးတက်သည့် နိုင်ငံဖြစ်ရန်မှာ လူ့စွမ်းအား အရင်းအမြစ်များသည် အဓိကကျ လျက်ရှိပေသည်။

အချုပ်အားဖြင့် ဆိုရပါလျှင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း အရွယ်ရောက်သူ ကလေးများကို ကျောင်းအပ်နှံခြင်းသည် ကလေးများ၏ အနာဂတ် အစွမ်းကုန် ပွင့်လန်း သာယာလှပစေအောင် ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြစ်သည်။   ကျောင်းနေမြဲရေး၊ ကျောင်းထွက်သူ ပပျောက်ရေး ဆောင်ရွက်ခြင်းဖြင့် အနာဂတ် မြန်မာနိုင်ငံတော်ကို  အကောင်းဆုံး တည်ဆောက်သွားကြမည့် တန်ဖိုးမြင့် လူသားများကို လေ့ကျင့်ပျိုးထောင် ပေးနေခြင်း ဖြစ်ပါ၍  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်   တိုက်တွန်းနှိုးဆော် ပန်ကြားရေးသား လိုက်ရပါသည်။   

အောင်ခန့်ဖြိုးဝေ(တောင်ငူ)

Read 23 times Last modified on Sunday, 26 May 2019 11:27