SJ WorldNews - шаблон joomla Авто

နန့်သဘက်ချောင်းနှင့် နမ္မတီးချောင်းဆုံရာချောင်းတွင် ရာသီမရွေး သွားလာနိုင်သော သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် ကွင်းဆင်းတိုင်းတာသွားမည်

Wednesday, 29 May 2019 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၈

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ် မတူပီမြို့နယ်ရှိ အိုက္ကား-လုံသာရ်ကျေးရွာချင်း ဆက်ကားလမ်း ၁၂ မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၎င်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းတောင်းခံသူ၊ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီဝင်၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်နှင့် မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့မှ တာဝန်ရှိသူများက ပူးပေါင်း၍ လမ်းအူကြောင်းရှာဖွေခြင်း၊ အကွာအဝေးမိုင် တိုင်းတာခြင်းများကို ကွင်းဆင်းစစ်ဆေးပြီး တင်ပြချက်အပေါ် မူတည်၍ ဒေသအတွက် အမှန်တကယ် လိုအပ်ပြီး အကျိုးဖြစ်ထွန်းကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ထောက်ခံတင်ပြလာပါက နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းများ အစဉ်လိုက် လျာထား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ် အတွင်းရှိ သီလာခ့်(Tilak) ကျေးရွာနှင့် ချောန်ကျွမ်း(Chawncum) ကျေးရွာတို့ကြားရှိ ကျေးရွာချင်းဆက် ကားလမ်းကို လမ်းတာချဲ့ထွင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆိုပါ လမ်းလုပ်ငန်းသည် ယခင်ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်း အဆက်များတွင်လည်း ပါဝင်ခြင်း မရှိသောကြောင့် ၎င်းလမ်းသည် မိုင်မည်မျှ ရှည်လျားသည်၊ ဒေသအတွက် မည်မျှအကျိုးရှိမည်၊ ထိုဒေသမှ အခြားမည်သည့် ဒေသများသို့ ဆက်သွယ် သွားလာနိုင်မည် စသော အချက်အလက်များကို ပထမဦးစွာ ဆန်းစစ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ရာ စီမံကိန်းစာရင်းတွင် တိကျစွာ ထည့်သွင်းလျာထား ပေးနိုင်ရေးအတွက် လုပ်ငန်းတင်ပြတောင်းခံသူ၊ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဒေသအတွက် အကျိုးပြုမှု၊ လမ်းတာချဲ့မည့် လမ်းအူကြောင်း၊ မိုင်အကွာအဝေးတို့ကို ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာ/မြို့နယ်/ခရိုင်နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့က သဘောထား ထောက်ခံချက်များဖြင့် စိစစ်တင်ပြလာပါက ပြည်ထောင်စု သို့မဟုတ် ပြည်နယ်နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းတွင် ရန်ပုံငွေ ဝင်ဆံ့မှုအပေါ် မူတည်ပြီး လုပ်ငန်းဦးစားပေး အစီအစဉ်အရ အပိုင်းလိုက် လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဆီဟူးဒွေ့၏ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ အုပ်စု ကျေးရွာချင်းဆက်လမ်းရှိ နန့်သဘက်ချောင်းနှင့် နမ္မတီးချောင်းဆုံရာချောင်းတွင် တည်ဆောက်ထားသော ယာယီ ချောင်းကူးတံတားအစား ရာသီမရွေး သွားလာနိုင်သော သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဆိုပါယာယီချောင်းကူးတံတားအစား ရာသီမရွေးသွားလာနိုင်သော သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည် ဆိုပါက တံတားအရှည်ပေ ၁၂ဝဝ ခန့်ရှိမည် ဖြစ်သောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တံတားဒီဇိုင်းကို ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တံတားပုံထုတ် အဖွဲ့တို့က ဦးစွာပဏာမ ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမြမင်းဆွေ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများ ဘတ်ဂျက်နှစ်စပြီး ငါးလ၊ ခြောက်လ ကြာသည့်တိုင် မည်သည့်အတွက်ကြောင့် စတင်နိုင်ခြင်းမရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကဖြေကြားရာတွင် အချို့ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်သို့ တာဝန်ပေးအပ်ထားသော လုပ်ငန်းများသည် ဘတ်ဂျက်အတည်ပြုပြီး သုံးလခန့် နောက်ကျပြီးမှသာ တာဝန်ပေးအပ်လာခြင်း၊ Drawing & B.Q နှင့် Specification များ ပြည့်စုံမှုမရှိခြင်း၊ Soil Test လုပ်ပြီးမှ အဆောက်အဦ ပုံစံများ ပြန်ပြောင်းရခြင်းများ ရှိကြောင်း၊ သတ်မှတ်ကြမ်းခင်းဈေးထက် မြင့်မားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ဝေးလံခေါင်သီသဖြင့် ဆောက်လုပ်မည့်ကုမ္ပဏီများမှာ တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှု မရှိခြင်းတို့ကြောင့် အကြိမ်ကြိမ် ပြန်လည်ခေါ်ယူဆောင်ရွက်ရခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရသည့်အတွက် အချိန် ငါးလမှခြောက်လအတွင်း ကြာမြင့်ရခြင်းဖြစ်ကြောင်း။

ထိုသို့ ကြန့်ကြာမှုများ မရှိစေရေးအတွက် လိုအပ်သော ပုံစံအချက်အလက်များ ပြည့်စုံမှသာ စနစ်တကျ တင်ဒါ ခေါ်ယူသင့်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)၏ ဘတ်ဂျက်ထဲတွင် ထည့်သွင်းလျာထားလိုသော တည်ဆောက်ရေး လုပ်ငန်းများကို ကြိုတင်လေ့လာဆန်းစစ်ခြင်း၊ ပုံထုတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်း ရေးဆွဲခြင်းများကို တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်မည့် ဘဏ္ဍာရေးနှစ် မရောက်မီ တစ်နှစ်ကြိုတင်၍ ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက်တင်ပြ တောင်းခံကြရန် ဝန်ကြီးဌာနများသို့ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဖြန့်ဝေထားပြီး ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်း စီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ယင်းဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

အောင်လင်းဦး(မြဝတီ)

Read 25 times Last modified on Wednesday, 29 May 2019 09:23