SJ WorldNews - шаблон joomla Авто

သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံပညာ အလယ်တန်းအဆင့်တွင် ယခုထက် ပိုမိုသင်ကြားနိုင်ရေး အဆိုအား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

Wednesday, 29 May 2019 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာ အုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်းကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကာမိုင်းကြိုးပြင် ကာကွယ်တော ဖွဲ့စည်းသတ်မှတ်ခဲ့စဉ်က နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာအပါအဝင် ကျေးရွာ သုံးရွာရှိ ဒေသခံပြည်သူ ၁၅၈ ဦးအတွက် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများအား သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၅၄)နှင့်အညီ မြို့/ရပ်ကွက်/ ကျေးရွာပြင်ဆင် ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ဆောင်ရွက်သွားရန် ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် ရရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ သစ်တောမြေ အဖြစ်မှ ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ယင်းနောက် သရက်ချောင်းမဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ထားဝယ်ခရိုင်တွင် အစိုးရနည်းပညာသိပ္ပံကျောင်း (AGTI) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် ထားဝယ်ခရိုင် ထားဝယ်မြို့တွင် အစိုးရစက်မှုလက်မှု သိပ္ပံ(ထားဝယ်)ဖွင့်လှစ်နိုင်ရေးအတွက် ပင်မဆောင်(သံကူကွန်ကရစ် သုံးထပ်)တစ်လုံးတည်ဆောက်ခြင်း၊ အလုပ်ရုံ တစ်ထပ် Steel Structure နှစ်လုံးတည်ဆောက်ခြင်း၊ ဆရာ၊ဆရာမဆောင် RC လေးခန်းတွဲ လေးထပ်နှစ်လုံး တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်း၊ ရေရရှိရေး၊ မီးရရှိရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် မှစတင်၍ လျာထားဆောင်ရွက်သွားမည် ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်တင်သွင်းသည့် မြန်မာနိုင်ငံတွင် သမိုင်းဘာသာနှင ပထဝီဝင် ဘာသာအကြောင်း တတ်သိကျွမ်းကျင်သော ပညာရှင်များ ကမ္ဘာ့အလယ်မှာ ပေါ်ထွန်းလာစေရန် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံပညာအလယ်တန်း အဆင့်တွင် ယခုထက်ပိုမို သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်မြင့်မြင့်နွယ်က ဆွေးနွေးရာတွင် နိုင်ငံတော် တည်ဆောက်ရေး အင်အားစုဖြစ်သည့် လူငယ်များသည် ပထဝီ၊ သမိုင်းဗဟုသုတ များအပေါ် အခြေခံ၍ နိုင်ငံတော်၏ လက်ရှိခေတ်စနစ် အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သုံးသပ်နိုင်စွမ်းရှိရေး လေ့ကျင့်ပျိုးထောင်ပေးရန် နိုင်ငံတော်တွင် တာဝန်ရှိကြောင်း၊ ယနေ့ကမ္ဘာတွင် လူမျိုးရှိသော်လည်း ပထဝီနယ်နိမိတ်မရှိ၍ ပြဿနာများစွာ ပေါ်ပေါက် လျက်ရှိသည်ကို အရှေ့အလယ်ပိုင်းဒေသတွင် တွေ့မြင်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ မျိုးဆက်သစ်များအား Geopolitics ၊ Political Geography နှင့် Political History တို့၏ သဘောတရားကို နားလည်သဘောပေါက်ရန် လေ့ကျင့်သင်ကြား ပေးသင့်ကြောင်းကို အကြံပြုတင်ပြလိုကြောင်း။

ပညာရေးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက်တွင် လိုအပ်ချက်များ အမြဲပြောင်းနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များ ပြုပြင်နိုင်ရန်အတွက် အချက်အလက်များကို စနစ်တကျ လေ့လာဆန်းစစ်ခြင်း၊ သုတေသနပြုလုပ်၍ နည်းလမ်းရှာဖွေခြင်း၊ အစိုးရဌာနအဖွဲ့အစည်းများ၊ အရပ်ဘက်ပညာရှင် အဖွဲ့အစည်းများနှင့် ပညာရှင်များ၏ သုတေသနပြု ရှာဖွေထားသော ရလဒ်များကိုပါ ထည့်သွင်းစဉ်းစား၍ စုပေါင်းသုံးသပ် အဖြေရှာ ဆောင်ရွက်သင့်ကြောင်း အကြံပြု ဆွေးနွေးသည်။

အဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကဏ္ဍ သမိုင်းဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို အခြေခံပညာ အလယ်တန်းအဆင့်၌ လက်ရှိသင်ရိုးတွင် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အရ လိုက်လျောညီထွေမှု ရှိစေရန်နှင့် သိသင့်သိထိုက်သော အချက်အလက်များ ပါဝင်စေရန် သင်ခန်းစာများ ပြဋ္ဌာန်းထားပြီး KG+12 သင်ရိုးသစ်ဖြင့် သင်ကြားရာတွင်လည်း ကျောင်းသားဗဟိုပြုသင်ကြားနည်းဖြင့် ကျွမ်းကျင်မှုကို အခြေပြုပြီး ကျောင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်၍ ပြဿနာဖြေရှင်းခြင်း၊ ဆက်စပ်စဉ်းစား တွေးခေါ်တတ်ခြင်းစသည့် သင်ကြားမှုနည်းလမ်းများဖြင့် ပြုစုထားခြင်းတို့ဖြင့် လက်ရှိသင်ရိုးပြဋ္ဌာန်းချက်ထက် ပိုမိုသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိသောကြောင့် အဆိုအား အတည်ပြုပေးပါရန် ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားအတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

အေးအေးသန့်(သတင်းစဉ်)

Read 27 times Last modified on Wednesday, 29 May 2019 09:24