SJ WorldNews - шаблон joomla Авто

ကမ္ဘာနိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(UPR)ဆိုင်ရာ မြန်မာနိုင်ငံ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

Wednesday, 29 May 2019 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၈

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR)ဆိုင်ရာ မြန်မာနိုင်ငံ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် UPR အစီရင်ခံစာကို ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် နှစ်ကြိမ်တင်ပြခဲ့ကြောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာအပေါ် နိုင်ငံပေါင်း ၉၃ နိုင်ငံမှ အကြံပြုတိုက်တွန်းချက် ၂၈၁ ချက်ကို ရရှိခဲ့ပြီး အကြံပြု တိုက်တွန်းချက် ၁၆၆ ချက်ကို လက်ခံခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် တတိယအကြိမ် အစီရင်ခံစာကို တင်သွင်းရမည် ဖြစ်သဖြင့် ဒုတိယသမ္မတ(၁)ဦးဆောင်သည့် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ လုပ်ငန်းကဏ္ဍ ၁၂ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီသည် အဆိုပါ လုပ်ငန်းကဏ္ဍအလိုက် ပေးပို့သည့် အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာ ပြုစုရမည် ဖြစ်ကြောင်း၊ အစီရင်ခံစာ ရေးသားတင်ပြမည့် ပုံစံနှင့် ထည့်သွင်းဖော်ပြမည့် အကြောင်းအရာများ၊ အစီရင်ခံစာ ပြုစုရေး လုပ်ငန်းအချိန်ဇယားတို့ကို သတ်မှတ်၍ မကြာမီကျင်းပမည့် အမျိုးသားအဆင့် ကော်မတီသို့ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း၊ အစီရင်ခံစာတွင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုများနှင့် ဆောင်ရွက်နေမှုများကို ပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုကြရန် ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အစီရင်ခံစာ ပြုစုရေးနှင့် စပ်လျဉ်း၍ ယခင်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ ကောင်းမွန်ပြည့်စုံသည့် အစီရင်ခံစာ တစ်ရပ်ပြုစုနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း တင်ပြနိုင်ရေး တို့အတွက် ဆွေးနွေးအကြံပြုကြသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်၊ ဒုတိယစစ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 26 times Last modified on Wednesday, 29 May 2019 09:26