SJ WorldNews - шаблон joomla Авто

မြန်မာအမျိုးသမီး ၁၇ဝ ကျော်ကို Seaman Passport များ ယခုလအတွင်း ထုတ်ပေးရန်စီစဉ်

Tuesday, 11 June 2019 12:25 font size decrease font size decrease font size increase font size increase font size

နိုင်ငံတကာ အပျော်စီးသင်္ဘောများ၌ တရားဝင်အလုပ်လုပ်ကိုင်ရန် ပထမဆုံး အသုတ်အဖြစ် မြန်မာအမျိုးသမီး ၁၇၉ ဦး ကို Seaman Book နှင့် Seaman Passport များ ယခုလအတွင်း ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံသင်္ဘောသားလုပ်ငန်း ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်ဦး၏ ပြောပြချက်အရ သိရသည်။

''လစာအနေနဲ့ကတော့ သူတို့ကျွမ်းကျင်မှုပေါ် မူတည်ပါတယ်။ ဒီလထဲမှာ ပထမဆုံး အသုတ်အနေနဲ့ ထုတ်ပေးမှာပါ။ ဒါကတရားဝင် လုပ်ကိုင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပညာအရည်အချင်း ကန့်သတ်တာမျိုးတော့ မရှိဘူး။ ကိုယ်လုပ်မယ့်လုပ်ငန်းမှာ ကျွမ်းကျင်မှုရှိဖို့တော့ လိုပါတယ်'' ဟုဦးကျော်မြင့်ဦးက ပြောသည်။

အဆိုပါ Seaman Book နှင့် Seaman Passport များကို မြန်မာနိုင်ငံက သတ်မှတ်ထားသည့် သင်္ဘောသားသင်တန်းများ တက်ရောက်ပြီးမှသာ ထုတ်ပေးမည် ဖြစ်သကဲ့သို့ ကျွမ်းကျင်မှုပေါ် မူတည်၍ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၅ဝ မှ ၁ဝဝဝ ကြား ရရှိနိုင်ကြောင်း သိရသည်။

နိုင်ငံတကာ အပျော်စီးသင်္ဘော များပေါ်၌ လက်ရှိ အလုပ်လုပ်ကိုင်နေကြသော မြန်မာအမျိုးသမီး Lady Seafarer များရှိနေကာ ၎င်းတို့မှာ Seaman Book နှင့် Seaman Passport မရှိကြဘဲ သာမန် Passport ဖြင့် ပြည်ပထွက်ကာ လုပ်ကိုင်နေကြခြင်းကြောင့် သင်္ဘောကမ်းကပ်သည့်အခါ Go Shore သို့ ဆင်းခွင့်မရခြင်း၊ လုပ်ခပြဿနာများ ကြုံသည့်အခါ အကာအကွယ်မပေးနိုင်ခြင်း တို့ကြောင့် တရားဝင်ဖြစ်စေရန် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

''အခု ကျွန်တော်တို့က တရားဝင်လုပ်ပေးလိုက်တော့ သူတို့အတွက် အဆင်ပြေသလို သူတို့ အခွင့်အရေးတွေ တောင်းဆိုလို့ ရလာမှာ ဖြစ်ပါတယ်'' ဟု ဦးကျော်မြင့်ဦးက ပြောသည်။

အဆိုပါနိုင်ငံတကာ အပျော်စီးသင်္ဘောများ၌ လုပ်ကိုင်နေကြသည့် တချို့သော မြန်မာအမျိုးသမီးများမှာ ပြည်ပနိုင်ငံ၌ပင် ကျောင်းတက်၍ ဘွဲ့ယူခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မရှိသူများလည်း ရှိပြီး ဟိုတယ်လုပ်ငန်းများအနက်မှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ်၌ ကျွမ်းကျင်မှု ရှိသည့် လက်မှတ်များနှင့် မြန်မာနိုင်ငံမှ ထုတ်ပေးသော သင်္ဘောသား လက်မှတ်ရှိပါက တရားဝင် သွားရောက် လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။ ထက်ခိုင်(စမ်းချောင်း)

Read 33 times Last modified on Wednesday, 12 June 2019 10:27