SJ WorldNews - шаблон joomla Авто

ယခုနှစ်မှစ၍ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ အစာအာဟာရ ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် သင်ကြား ပို့ချမည်

Wednesday, 12 June 2019 10:14 font size decrease font size decrease font size increase font size increase font size

ယခုနှစ်မှစ၍    ရန်ကုန်နည်းပညာ တက္ကသိုလ်၌ အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားပို့ချမည်ဖြစ်ကြောင်း အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်ထံမှ သိရသည်။

အစာအာဟာရဆိုင်ရာ  အင်ဂျင်နီယာ ဘာသာရပ်ကို ၂ဝ၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သော  ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး ခြောက်နှစ် သင်ကြားရမည်ဖြစ်သည်။ ယင်းဘာသာရပ်ကို  သင်ကြားရန် လျှောက်ထားရာတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ တိုက်ရိုက် လိပ်မူလျှောက်ထားနိုင်ပြီး ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်ဘာသာရပ် လေးခု  စုစုပေါင်းရမှတ် ၃၂ဝ အထက် ရရှိသူများ လျှောက်ထားနိုင်သည်။

''ဒီဘွဲ့အတွက်    ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ စတင်သင်ကြား ပို့ချပေးမှာပါ။ မန္တလေးမှာ    အစာအာဟာရနည်းပညာ ဘွဲ့လွန်ဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်း ဒီနှစ်မှာဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ရန်ကုန်မှာတော့  ဒီဘွဲ့ရဖို့ ခြောက်နှစ် တက်ရောက် သင်ကြားရမှာပါ။   အစာအာဟာရဆိုင်ရာ အသိပညာရပ်တွေ မရှိမဖြစ် လိုအပ်တဲ့အတွက် ဒါနဲ့ပတ်သက်လို့  ပညာရှင်တွေ ထွက်ပေါ်လာပြီး အနာဂတ်မှာ ကောင်းမွန်စွာ အသုံးချနိုင်ဖို့   သင်ကြားရတာ ဖြစ်ပါတယ်''ဟု ဒေါက်တာမျိုးကြွယ်က ပြောသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်(နေပြည်တော်)၌ Master of  Food  Science နှင့်   Ph.D  of  Food  Science သင်တန်းများ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)၌ ဖွင့်လှစ်ခဲ့သည့်  အစာအာဟာရ သိပ္ပံနည်းပညာ သင်တန်းကို ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်က ရပ်နားခဲ့ပြီး၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ အစာအာဟာရဆိုင်ရာ  အင်ဂျင်နီယာ ဘာသာရပ်သည် အစာအာဟာရဆိုင်ရာ အသိပညာရပ်များကို အသုံးချ၍   လူသားများ အတွက် အရေးကြီးသည့် အစာအာဟာရ ပြည့်ဝစေရေးနှင့် အစားအစာလုံခြုံမှုကို ပေးနိုင်သော အသက်မွေးဝမ်းကျောင်း ဆိုင်ရာ   အင်ဂျင်နီယာ ဘာသာရပ်ဖြစ်ကြောင်း သိရသည်။                  

Read 31 times Last modified on Wednesday, 12 June 2019 10:15