SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ လူစည်ကားရာ နေရာများ၌ အပတ်စဥ အော်ဂဲနစ် ဈေးတန်းများ ဆက်လက် ဖွင့်လှစ်ရန် စီစဉ်နေ

Wednesday, 12 June 2019 10:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့အတွင်း လူစည်ကားရာ နေရာများ၌ အော်ဂဲနစ် စားသောက်ကုန် ဈေးဆိုင်တန်းများကို  အပတ်စဉ် ဖွင့်လှစ်နိုင်ရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်၏ ပြောကြားချက်အရ သိရသည်။

''စားသုံးသူတွေအနေနဲ့ ဘယ်လို အစားအသောက်တွေကို ရှောင်သင့်တယ်၊ ဘယ်လို အစားအသောက်တွေကို ရွေးချယ်စားသုံးသင့်တယ် ဆိုတဲ့  စားသုံးသူ အသိပညာပေးရေး ရည်ရွယ်ချက်လည်း ပါတယ်။ အရင်တုန်းက   စူပါမားကက်တွေမှာ  ဈေးကြီးပေးဝယ်ရတဲ့ အစားအစာတွေကို ဒီလိုဈေးတန်းမှာလွယ်လွယ်ကူကူနဲ့  ပေါပေါများများ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။   ဆက်လက်ပြီးတော့လည်း မင်္ဂလာဈေးလို လူစည်ကားတဲ့ နေရာတွေ၊ မြေနီကုန်းနဲ့ လှည်းတန်းလို နေရာတွေမှာ  ထပ်ဖွင့်နိုင်အောင် ကြိုးပမ်းနေပါတယ်။

လှည်းတန်းမှာတော့   လက်ရှိ   မာလာဘက်ခြမ်းမှာ  အပတ်စဉ် ဖွင့်လှစ်ခွင့်ရလို့  ဖွင့်နေပါ

တယ်''ဟု ဦးဗအုပ်ခိုင် ကပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ ဂျတ်ဆင်၊ မြေပဒေသာကျွန်း၊ ကရဝိက်ဥယျာဉ်၊ အင်းစိန် FAO ဝင်းနှင့် ဆူးလေ မြို့တော်ခန်းမအနီး နေရာတို့၌    အပတ်စဉ်အော်ဂဲနစ် ဈေးတန်းများ ဖွင့်လှစ်ရောင်းချနေသကဲ့သို့   လူစည်ကားပြီး လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်သော နေရာများ၌လည်း ဆက်လက် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

''ရောင်းတဲ့သူတွေအနေနဲ့  ဈေးနှုန်းကို  သင့်တင့်မျှတအောင် စီမံရောင်းချဖို့၊ ဈေးနှုန်းမြင့်မားတဲ့ ရောင်းချမှုမျိုး မဖြစ်ဖို့၊ အော်ဂဲနစ် ထွက်ကုန်စစ်စစ် ဖြစ်ဖို့အတွက် စည်းကမ်းချက်တွေ ထုတ်ပြီးတော့ ကြပ်မတ်ဆောင်ရွက်နေပါတယ်''ဟု ဦးဗအုပ်ခိုင် ကပြောသည်။

ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများ အနေဖြင့် ဘေးကင်း လုံခြုံသော အစားအသောက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  အော်ဂဲနစ် ဈေးတန်းများကို အပတ်စဉ်ဖွင့်လှစ်    ရောင်းချပေးနေခြင်း ဖြစ်ပြီး ထိုအော်ဂဲနစ်ဈေးတန်း၌ အသီးအနှံများ၊ မှိုများ၊ သဘာဝနည်းဖြင့် ထုတ်လုပ်ထားသည့် ခေါင်းလျှော်ရည်များ၊ မျက်နှာသစ်ဆပ်ပြာများ၊  ပိုးသတ်ဆေးမပါသည့်  ယူကလစ်ဆီဖြင့် ဖော်စပ်ထားသော ခြင်ဖျန်းဆေး၊  ခေါင်းလိမ်းဆီ၊  သဘာဝသစ်သီး သစ်ရွက်များဖြင့် ဖော်စပ်ထားသော လူသုံးကုန် ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို  ရောင်းချလျက်ရှိသည်။

လက်ရှိတွင်  အော်ဂဲနစ်ဈေးတန်းများကို ဂျတ်ဆင်၌  အပတ်စဉ်  စနေနေ့တိုင်းတွင် လည်းကောင်း၊ မြေပဒေသာကျွန်းနှင့် ကရဝိက်ဥယျာဉ်တို့၌ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း၊ အင်းစိန် FAO ဝင်းအတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် လည်းကောင်း၊ ဆူးလေ မြို့တော်ခန်းမ အနီး၌ အပတ်စဉ် သောကြာနေ့တွင် လည်းကောင်း   ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။

Read 14 times Last modified on Thursday, 13 June 2019 10:28