SJ WorldNews - шаблон joomla Авто

ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်း ကပ်လှူ ပြီးမြောက်ခြင်း အထိမ်းအမှတ် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာနှင့်ရေစက်ချပွဲ ကျင်းပ

Tuesday, 18 June 2019 12:11 font size decrease font size decrease font size increase font size increase font size

ရွှေတိဂုံစေတီတော်သို့    အလှူရှင်များ လှူဒါန်းသည့် ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်းများကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂ဝ၁၉ ခုနှစ် မတ် ၂၆ ရက်အထိ ကပ်လှူပူဇော်ပြီးဖြစ်ရာ လုံးတော်ပြည့်ရွှေသင်္ကန်းများ    အောင်မြင်စွာ ဆက်ကပ်ပြီးမြောက်ခြင်း အထိမ်းအမှတ်      ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့်   ရေစက်ချပွဲကို  ဇွန် ၁၇ ရက်က  ရွှေတိဂုံစေတီတော်ရှိ  သတ်မှတ်နေရာ အသီးသီး၌   ကျင်းပသည်။

ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံ စေတီတော် အထက်ပစ္စယာ  အာရုံခံမုခ်ဦး လေးဖက်၊ ပတ္တမြားမျက်ရှင်နှင့်ဧည့်ခံ (ဂျပန်) တန်ဆောင်းရှိ  ရုပ်ပွားတော်များ၌  သံဃာတော်အပါး ၁ဝဝ ဖြင့်  ဗုဒ္ဓါဘိသေကအနေ ကဇာတင်မင်္ဂလာ အခမ်းအနားကို ကျင်းပပြီး ဆရာတော်များနှင့်  ပရိသတ်အပေါင်းတို့ က    မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ နံနက် ၆ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော် များ တန်ဆောင်း၌ ဆရာတော် သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နံနက် ၈ နာရီတွင် ရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌   ရေစက်ချအလှူမင်္ဂလာ အခမ်းအနား ကျင်းပရာ ယဉ်ဝေယံထွန်း မြန်မာမှုတေးဂီတ အဖွဲ့က လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏တေးထပ်ကို   စောင်းဖြင့်တီးခတ်၍   ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ပူဇော်ပြီး နိုင်ငံတော်သြဝါဒါစရိယ     အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ   ကျိုက်ပိကျောင်း ဆရာတော် ဘုရားကြီးထံမှ   ပရိသတ် အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဦးကြည်မင်းက  ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းမှု အခြေအနေများနှင့် သာသနာတော်ဆိုင်ရာများကို လျှောက်ထား တင်ပြသည်။

ယင်းနောက်   ဆရာတော်ကြီးများထံမှ သြဝါဒကထာနာယူကြပြီး  လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း မဟာကုသိုလ်တော် အောင်သြဘာ စာတမ်းကို  ဦးစံသင်းလှိုင်က ဖတ်ကြား၍     နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဝိနည်းဓိုရ် ညောင်တုန်းကျောင်းတိုက် ဆရာတော်ထံမှ  အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် တည်ထားကိုးကွယ်ရာ  ယနေ့တွင်  နှစ်ပေါင်း ၂၆ဝ၇ နှစ် တိုင်ရှိပြီဖြစ်သည်။  ပုံမှန်အားဖြင့်  ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို  ငါးနှစ်တစ်ကြိမ် ကပ်လှူကာ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ် က နောက်ဆုံးပူဇော်ပြီး လေးနှစ်အကြာတွင် ယခုကဲ့သို့  ကပ်လှူပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ကပ်လှူမှုတွင် Gold Coating ရွှေပြား ၂ဝ၂၆၇ ချပ်၊ Gold Plating ရွှေပြား ၁၉ဝဝ ချပ် အလေးချိန် ၃၄၈ ပိဿာ ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း သုံးသိန်း လေးသောင်းကျော်၊ မျက်ပါးရွှေဆိုင်း ၁၈၃၇၅ ဆိုင်း၊ ရွှေဆိုင်းနှင့် လုပ်အားတန်ဖိုး ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်လေးရာကျော် အပါအဝင် စေတီတော်ကြီး ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း လုပ်ငန်းအတွက်   စုစုပေါင်းကုန်ကျငွေမှာ   ငွေကျပ်သိန်းပေါင်း သုံးသိန်းခုနစ်သောင်းကျော် ဖြစ်ကြောင်း သိရသည်။

Read 20 times Last modified on Tuesday, 18 June 2019 12:12