SJ WorldNews - шаблон joomla Авто

စီးတီးတက္ကစီ မှတ်ပုံတင် မပြုလုပ်သည့် ယာဉ်အစီးရေ ၅ဝဝဝ ခန့် ဒဏ်ကြေးသတ်မှတ်ရန်စီစဉ်

Friday, 05 July 2019 11:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၌ စီးတီးတက္ကစီမှတ်ပုံတင် မပြုလုပ်သည့် ယာဉ်အစီးရေ ၅ဝဝဝ ခန့်ကို ဒဏ်ကြေးများ သတ်မှတ်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ပြောပြချက်အရ သိရသည်။

''စီးတီးတက္ကစီ မှတ်ပုံတင်တယ်ဆိုတာက မလိုလားအပ်တဲ့ အမှုအခင်းတွေမဖြစ်အောင် ကြိုတင်စီမံ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် လုပ်ကိုင်နေတဲ့ အခြေအနေတွေကို တိတိကျကျသိနိုင်ဖို့၊ ယာဉ်မောင်းအမည်၊ ယာဉ်ပိုင်ရှင်ရဲ့အကြောင်းအရာတွေ အပါအဝင် အသေးစိတ်စာရင်း ပြုစုတာတွေလည်း လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ စီးတီးတက္ကစီမှတ်ပုံတင်ဖို့ ပျက်ကွက်နေတဲ့ ယာဉ်တွေလည်း ရှိနေသေးတော့ ဒါကိုအရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့တာပါ''ဟု ဦးလှအောင်ကပြောသည်။

လက်ရှိတည်ဆဲဖြစ်သော မော်တော်ယာဉ်ဥပဒေသစ်တွင်လည်း စီးတီးတက္ကစီများအနေဖြင့် စနစ်တကျမှတ်ပုံတင်ကာ လုပ်ကိုင်နိုင်ရန် ပြဋ္ဌာန်းထားမှုများ ရှိသည့်အတွက် ဥပဒေနှင့်အညီစစ်ဆေးကာ အရေးယူမည် ဖြစ်သကဲ့သို့ ဒဏ်ကြေးအဖြစ် ဆောင်ရွက်ရန်လည်း စီစဉ်ထားသည်။

အဆိုပါကိစ္စအတွက် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စသည့် အဖွဲ့အစည်းများဖြင့် YRTA ကဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ယခုလအတွင်း စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

စီးတီးတက္ကစီမှတ်ပုံတင်ရန် ကျန်ရှိနေသေးသည့် ယာဉ်အစီးရေမှာ ၅ဝဝဝ ခန့်ရှိကြောင်း၊ စီးတီးတက္ကစီများ မှတ်ပုံတင်မှုကို ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ခရိုင်စည်ပင်သာယာရုံးများမှ တာဝန်ယူလုပ်ဆောင်ခဲ့သော်လည်း ယင်းမှတစ်ဆင့်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော်မတီလက်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီး ယခုYBS စနစ်သို့ ပြောင်းလဲသည့်အခါ YRTA မှ တာဝန်ယူ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ လက်ရှိ စီးတီးတက္ကစီပေါင်း ၆၇ဝဝဝ ခန့်ရှိပြီး မန္တလေးမြို့၌ အစီးရေ ၆ဝဝဝ ကျော်သာရှိကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကြံပြုချက်အရ ရန်ကုန်မြို့၌ အစီးရေ ၃ဝဝဝဝ မှ ၄ဝဝဝဝ ဝန်းကျင်သာ လိုအပ်နေသည့်အတွက် ယခုအခြေအနေမှာ လိုအပ်ချက်ထက်နှစ်ဆခန့် များပြားနေကြောင်း သိရသည်။ ထက်ခိုင်(စမ်းချောင်း)

Read 49 times Last modified on Friday, 05 July 2019 11:31