SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ ရေခဲပြင်စကိတ်ကွင်းသို့ အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

Thursday, 11 July 2019 11:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တော်ဝင်လမ်း၌ ဖွင့်လှစ်ထားသော ရေခဲပြင်စကိတ်ကွင်းသို့ အစိုးရ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများဖြင့်   စည်ကားလျက်ရှိကြောင်း  Royal Sportainment Complex  မှ ဈေးကွက်ဆိုင်ရာ လက်ထောက်မန်နေဂျာ  ဒေါ်နိုင်သဉ္ဇာချိုဝေ၏ ပြောပြချက်အရ သိရသည်။

''အခုနောက်ပိုင်း  စနေ၊ တနင်္ဂနွေလို အစိုးရရုံးပိတ်ရက်တွေမှာ  လာကစားတဲ့သူများတယ်။  ပိတ်ရက်တွေဆို  တစ်ရက်ကို ပျမ်းမျှ လူဦးရေ ၃ဝဝ လောက်လာရောက် လည်ပတ်ကြတယ်'' ဟု ဒေါ်နိုင်သဉ္ဇာချိုဝေက ပြောသည်။

စကိတ်အားကစားနည်းနှင့် ပတ်သက်၍ ဝါသနာပါသူများ၊ ဝါသနာရှင်အဆင့်မှ အားကစားသမားကောင်းများ  ပေါ်ထွက်လာကာ   နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး  အထောက်အကူဖြစ်စေရန် ရည်ရွယ် ဖွင့်လှစ်ထားသည့် အဆိုပါ ရေခဲပြင်စကိတ်ကွင်း၌ လူဦးရေ ၅ဝ  တစ်ပြိုင်တည်း ကစားနိုင်ပြီး   တစ်ဦးလျှင် အချိန်တစ်နာရီခွဲ အတွက် ငွေကျပ် ၂ဝဝဝဝ မှ  ၂၅ဝဝဝ ကြား ကျသင့်မည် ဖြစ်ကာ လာရောက်ကြည့်ရှုသူ များအနေဖြင့် ငွေကျပ် ၃ဝဝဝ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ပထမဆုံး ရေခဲပြင်စကိတ်ကွင်း၌  ဘိုးလင်းကစားနိုင်သော အားကစားခန်းမကိုလည်း စီစဉ် ဖွင့်လှစ်ထားပြီး ရေခဲပြင်စကိတ်ကွင်း၌  ရေခဲမှတ်အောက်  ၈ ဒီဂရီစင်တီဂရိတ်မှ ၁ဝ ဒီဂရီစင်တီဂရိတ်ရှိစေရန် စီစဉ် လုပ်ဆောင်ထားကာ အလျား ၂၇ မီတာ၊ အနံ ၂၅ မီတာ ကျယ်ဝန်းသည်။

ရေခဲပြင်စကိတ်စီးရန်  ဝါသနာပါသော်လည်း   မစီးတတ်သူများအတွက်  အတတ်သင်ပေးမည့် သင်တန်းကိုလည်း ဖွင့်လှစ်ပေးရန် လျာထားကြောင်း Royal  Sportainment Complex မှ သိရသည်။                                       

ထက်ခိုင်(စမ်းချောင်း)

Read 41 times