SJ WorldNews - шаблон joomla Авто

ပညာရေးကိုချစ်မြတ်နိုးသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

Friday, 12 July 2019 11:47 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသမိုင်းတွင်  လူငယ်တိုင်း ပညာတတ်ဖြစ်စေရန်၊ သူ့ကျွန်မခံလိုစိတ်နှင့် မျိုးချစ်စိတ်ထွန်းကားစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်  မျိုးချစ်ဆရာကြီး တစ်ဦးရှိသည်။  ''သူများကျောင်းက  ICS တစ်ယောက်ထွက်ရင် ငါ့ကျောင်းကဗြိတိသျှ အစိုးရကိုပုန်ကန်မယ့် သူပုန်ဆယ်ယောက် ထွက်ရမယ်'' ဟု အစဉ်ကြွေးကြော်ခဲ့သူလည်း ဖြစ်သည်။  ဤသူကား  တခြားမဟုတ်။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ပင် ဖြစ်သည်။

ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ   မသမာသူလူတစ်စု၏   လုပ်ကြံခံရမှုတွင် ကျဆုံးခဲ့ရသည်။   လူပင်သေသော်ငြား ကောင်းသတင်းဂုဏ်ရနံ့ထုံစွာ မျက်မှောက် ခေတ်ပညာရေးနယ်ပယ်ထိတိုင်  နာမည် တစ်စုံကြားရရုံဖြင့် ဦးရာဇတ်အား လေးစားကြသည်။  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးရသည့်အတွက်   မြန်မာပြည်သူတစ်ရပ်လုံး သာမက နိုင်ငံတကာကပါ ယူကျုံးမရဖြစ်ခဲ့ ကြရသည်။  မကြာမီကျရောက်တော့မည့် အာဇာနည်နေ့သည်ပင် (၇၂) နှစ်မြောက် ရှိချေတော့မည်။ အာဇာနည်ခေါင်းဆောင် ကြီးများအား  နှစ်လရှည်ကြာသော်လည်း မေ့မရ   နှမြောတသ  မိသားစုနှင့်ထပ်တူ လွမ်းကြရပါသည်။

အာဇာနည်ဆိုသည်မှာ   အာဇာနေယျ ဆိုသည့် ပါဠိစာမှလာခြင်းဖြစ်ပြီး အကြောင်း ဟုတ်၊  မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲ သာလွန်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်နည်း ဆိုရသော်   တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်   အနစ်နာခံကာ   အသက်ပင် စွန့်ဝံ့သည့်ပုဂ္ဂိုလ်များသည်   အာဇာနည် ပုဂ္ဂိုလ်များပင်ဖြစ်ပေသည်။ ဘုရားဟော နှင့်အညီ  လူယောက်ျားမြတ် အာဇာနည် ဟူသည် လွန်စွာဖြစ်ခဲ၊ ရခဲလှသည်။

ဦးရာဇတ်သည် လူငယ်များအား အမျိုး သားရေးစိတ်ဓာတ် အစဉ်ကိန်းအောင်းနေစေရန် ၁၉၂၁ ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို  ဖွင့်လှစ်ကာ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။  ထိုကျောင်း၏တံဆိပ်မှာ ခြင်္သေ့ဖြစ်ပြီး   ကျောင်း၏ဆောင်ပုဒ်မှာ မိမိကိုယ်သာ ကိုးကွယ်ရာ၏၊  မိမိကိုယ်သာ ဆည်းပူးရာ၏ဟု     အဓိပ္ပာယ်ရသည့်

အတ္တာဟိ အတ္တနော နာထောဖြစ်ကြောင်း မှတ်သားဖူးသည်။ ထို့ပြင် သူသည် မန္တလေး တက္ကသိုလ်ကြီး ပေါ်ထွန်းလာရေးအတွက် ဦးစွာမျိုးစေ့ချပေးခဲ့သူလည်း ဖြစ်သည်။

''သူ့ကျောင်းမှာ    ကျောင်းတက်တာနဲ့ ဘုရားဝတ်ပြုရတယ်။ ကျောင်းခေါင်းလောင်း ထိုးတာနဲ့  နိုင်ငံတော်အလံ ကိုအလေးပြုရတယ်။ အဖေက ဘုရားမရှိခိုးတဲ့သူဆို ဆုံးမလေ့ရှိတယ်။ ဗုဒ္ဓဘာသာကို  သူအလွန်ပဲ လေးစား တယ်။ နောက်တစ်ခုက သူ့ကျောင်း မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  အခြေခံစစ်ပညာ တတ်ပြီးသား ဖြစ်နေစေချင် တယ်။ အဲဒါကိုသူက ရည်ရွယ်ပြီးတော့ ဘင်ခရာနဲ့ ရဲညွန့်တပ်ဖွဲ့ဆိုပြီး ဖွဲ့ပါတယ်။ သူ ကိုယ်တိုင်က  ရဲညွန့်တပ်ဗိုလ်ချုပ်လုပ်ပြီး ဥပုသ်ရက်တို့၊ ရုံးပိတ်ရက်တို့မှာ ဘင်ခရာ နဲ့ မြို့ကိုလှည့်ပတ်တယ်။  အဲဒီလိုစစ်ပညာ အခြေခံရသွားတဲ့အတွက်     ဗိုလ်ချုပ်အောင်ဆန်းက ရဲဘော်သုံးကျိပ်နဲ့ ဗမာပြည်ပြန်လာတဲ့အချိန်မှာ      ဒီပုဂ္ဂိုလ်တွေက အခြေခံစစ်ပညာ  တတ်ပြီးသားဖြစ်နေတဲ့အတွက်  လွယ်လွယ်ကူကူလုပ်လို့ကိုင်လို့ တိုက်ပွဲဝင်လို့ရတာပါ။     အဲဒီတစ်ခုကို ကျွန်တော်သိပ်သဘောကျတယ်''      ဟု ဦးရာဇတ်၏သားကြီးဖြစ်သူ ဦးတင်မြင့်က ပြောသည်။

 ''ကျွန်တော့်အဖေက မန္တလေးတက္ကသိုလ်အတွက် ၁၉၄၆ ခုနှစ် ကက်ဘိနက်တစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြောတယ်။ ဗိုလ်ချုပ် မန္တလေးမှာတော့ တက္ကသိုလ်တစ်ခုထားဖို့ လိုပြီ။ ဒါကြောင့် ထားပေးပါဆိုတော့ ဗိုလ်ချုပ်က စောပါသေးတယ် ဆရာကြီးရယ်။ ကျွန် တော်တို့ ရန်ကုန်မှာ တက္ကသိုလ်တစ်ခုရှိ နေပြီပဲ။ ဘာလို့ နောက်တစ်ခုလုပ်မှာလဲတဲ့။ ဒါနဲ့  အဖေက  ဗိုလ်ချုပ်  ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့  ရှမ်းပြည်နယ်ကလူတွေ၊ အညာကလူတွေက ကျောင်းသွားတက်မယ် ဆိုရင် အတော်လေးကုန်ကျစရိတ်များတယ်။ မိဘတွေအနေနဲ့လည်း   ကုန်ကျမှုငွေများ တယ်။ ထားချင်ရင်တောင် ထားလို့မရတဲ့ အခြေအနေတွေဖြစ်နေတယ်။  ဒါကြောင့် ထားဖို့လိုပါတယ်လို့   တစ်ဦးနဲ့တစ်ဦး  ပွင့်ပွင့်လင်းလင်းပြောကြတော့ ခွင့်ပြုလိုက် တယ်။ အဲဒီမှာ ဘိလပ်ကပြန်လာတဲ့ ဦးကို လေးကိုခေါ်ပြီး ဆောက်ခိုင်းတယ်။ ဒါပေမဲ့  ကျွန်တော့်အဖေက အကုန်လုံးအစအဆုံးလုပ်မပေးလိုက်နိုင်ဘူး။ သူက ဇူလိုင် ၁၉ ရက်မှာ  ကျဆုံးသွားတယ်။  ဒါကြောင့်  မန္တလေးတက္ကသိုလ်မှာ    အရင်ဆုံးတည် ဆောက်ပြီးစီးတဲ့     အဆောက်အအုံကို  ဆရာကြီးဦးရာဇတ်ကို  ဂုဏ်ပြုတဲ့အနေနဲ့ ရာဇတ်ဟောဆိုပြီးတော့ ဆောက်ပေးထား တယ်။  ဒီနေ့အထိရှိနေတယ်။  မန္တလေး တက္ကသိုလ်မှာ ကျွန်တော့်အဖေကြေးရုပ်ကို အစိုးရကခွင့်ပြုလို့  ကျွန်တော်တို့ထားခွင့် ရပါတယ်။ ရာဇတ်ဟောအရှေ့မှာပဲထား တာပါ။ ကျွန်တော့်အဖေက နောက် ပြီးတော့ ပါဠိဘာသာကို   အင်မတန်မြတ်နိုးတယ်။ မြတ်နိုးတဲ့အတွက်ကြောင့်  သူ့နာမည်နဲ့ ဦးရာဇတ်ရွှေတံဆိပ်ဆုကို ပါဠိဘာသာမှာ ထူးချွန်တဲ့ကျောင်းသား၊   ကျောင်းသူတွေကို ကျွန်တော်တို့ ချီးမြှင့်ပေးခဲ့တာ ဒီနှစ်အထိ မပျက်ပါဘူး'' ဟု ဦးတင်မြင့်ကပြောသည်။

''ကျွန်တော်တို့  မနှစ်ကလိုပါပဲ၊ ကျဆုံး သွားတဲ့သူတွေအားလုံးကို ရည်စူးပြီးတော့ မိဘမဲ့ကလေးကျောင်းမှာ ရွတ်ဖတ်တာတွေ၊ ကျွေးမွေးလှူဒါန်းတာတွေလုပ်ပါမယ်။   နှစ်စဉ်  စဉ်ဆက်မပြတ်  ပထမအကြိမ်ကစပြီး တော့ ဒီနေ့အထိပေါ့။ အာဇာနည်ကုန်းကို သွားပြီးတော့ အလေးပြုကြမယ်။ ဂါရဝပြုကြမယ်။ အခမ်းအနားတက်ဖို့အတွက်လည်း YCDC ကနေ ဖုန်းဆက်အကြောင်းကြားပါပြီ။ ဒီနှစ်မှာတော့ ကျွန်တော်ရယ်၊ ကျွန်တော့် ညီရယ်အပါအဝင် အားလုံးခြောက်ယောက် တက်ပါမယ်။ အဖေ့ရဲ့ လက်စွပ်ကိုယ်ပွား လေးကိုလည်း  ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။  ဒီနှစ်မှာတော့ အဖေ့ကိုယ်ပွား အဲဒီလက်စွပ်လေး တွေဝတ်ပြီး    ကျွန်တော်တို့ညီအစ်ကိုတွေ  အာဇာနည်နေ့ကိုတက်ကြမှာပါ''      ဟု ဦးတင်မြင့် ကပြောသည်။

''လူငယ်တွေအနေနဲ့    လူကြီးတွေက ရှေ့မှာဘယ်လိုလုပ်ပြသွားသလဲဆိုတာ သိဖို့ လိုတယ်။ အားလုံးက စည်းစည်းလုံးလုံးနဲ့ ရှိကြတယ်။ အဘက်ဘက်က  စည်းလုံးကြတယ်။    ယနေ့ခေတ်လူငယ်တွေလည်း စည်းလုံးကြပါ။ သွေးခွဲမှုတွေကို မယုံကြနဲ့။ အခုခေတ်က မီဒီယာတွေ ပေါများလာတဲ့ အတွက် ထင်ယောင်ထင်မှားတွေ ဖြစ်ကြရတယ်။ စိုးရိမ်စရာကောင်းတယ်။ ဒါကြောင့်  လူငယ်တွေက   ပညာတတ်ဖို့လိုပါတယ်။ ပညာတတ်မှအဆိုးအကောင်း အမှန်အမှား သိတာ။ သိရင် သူများပြောတိုင်းမယုံဘူး။ ကိုယ့်ဟာကိုယ်ချင့်ချိန်ပြီးတော့ ယုံတယ်။   အတန်းပညာတင်မဟုတ်ဘူး။   အတတ် ပညာလည်း လုပ်ရပါမယ်။ စာတွေလည်း ဖတ်ရပါမယ်။  ကမ္ဘာကြီးမှာ  ဘာဖြစ်နေ သလဲ၊ ကိုယ့်နိုင်ငံမှာ တကယ်ဘာဖြစ်နေလဲ ဆိုတာကိုတော့ သိဖို့လိုတယ်။ ဘက်ပေါင်းစုံ ကနေ စည်းလုံးနေမှသာ ကျွန်တော်တို့ရဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်'' ဟု  ဦးတင်မြင့်က လူငယ်များအား အမှာစကား ပါးသည်။

ဆရာကြီးဦးရာဇတ်အား   မိတ္ထီလာမြို့ အငြိမ်းစားတိုက်ပိုင် အင်စပိတ်တော် မစ္စတာ အေ-ရာမန် (ခ) ဦးထွန်းနှင့် အမိဒေါ်ငြိမ်းလှ တို့က ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်တွင် မွေးဖွားခဲ့ပြီး  ၁၉၁၂  ခုနှစ်တွင်  မန္တလေး ဝက်စလီယောက်ျားလေးကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်သည်။ ၁၉၂ဝ ပြည့်နှစ် တွင်  ရန်ကုန်ကောလိပ်  သပိတ်မှောက် ကျောင်းသားဖြစ်ခဲ့သည်။  ၁၉၂၁   ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို   ဖွင့်လှစ်ခဲ့ပြီး ၁၉၂၂ ခုနှစ် အမျိုးသားပညာရေးအဖွဲ့ကြီး၏ ဘီအေအကြီးတန်းစာမေးပွဲကို ဖြေဆို အောင်မြင်ခဲ့သဖြင့် A.Razak(B.A.Nat) ဘွဲ့ကို ခံယူသည်။  မန္တလေးဗဟိုအမျိုးသား ကျောင်းကြီး၌ အမျိုးသားအပျော်တမ်းရဲတပ်၊ အမျိုးသားအပျော်တမ်းရဲဘင်ခရာတပ်၊ အမျိုးသားအပျော်တမ်းရဲညွန့်တပ်များ ဖွဲ့စည်းပြီး အမျိုးသားအပျော်တမ်းရဲတပ် ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ ၁၉၂၂-၁၉၄၁ ခုနှစ်တွင် ဗဟိုအမျိုး သားအထက်တန်းကျောင်းဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၇ ခုနှစ် တွင် မြန်မာနိုင်ငံအစိုးရပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရကာ  ၁၉၄၇   ခုနှစ်တွင်   နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး  ၁၉၄၇  ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ် တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ်ကြံခံရသဖြင့် ကျဆုံးခဲ့သည်။ ကျဆုံးချိန်တွင် ဇနီးဒေါ်ခင်ခင်နှင့်  သား  မောင်တင်မြင့်၊ သမီး  ခင်ခင်စိန်၊   သား   မောင်လှကြည်တို့ ကျန်ရစ်ခဲ့ပြီး ယခု ဆရာကြီး၏သားနှစ်ဦး ဖြစ်သည့် ဦးတင်မြင့်နှင့် ဦးလှကြည်တို့သည် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသည်။ 

ဝန်းရံခ

Read 18 times Last modified on Friday, 12 July 2019 11:48