SJ WorldNews - шаблон joomla Авто

The Ladies and Light Photo Art Exhibition 2019 ဓာတ်ပုံပြပွဲကျင်းပ

Sunday, 14 July 2019 09:32 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံမှ အမျိုးသမီး ဓာတ်ပုံပညာရှင် ၄၆ ဦး စုပေါင်းပြုလုပ်သည့် တတိယအကြိမ်မြောက် The Ladies and Light Photo Art Exhibition 2019 ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် နက္ခတ်တာရာ ပြခန်းအနီးရှိ The Yangon Gallery ၌ ကျင်းပသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံဒေသပေါင်းစုံမှ ရှားပါးသဘာဝ အလှရှုခင်းများ၊ တိုင်းရင်းသားမျိုးနွယ်စု များ၏ ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အများပြည်သူကြည့်ရှု ခံစားနိုင်ရန် ဓာတ်ပုံနည်းပညာများဖြင့်   ဖန်တီးရိုက်ကူးထားသည့် ၁၂ လက်မ x ၁၈ လက်မအရွယ် ဓာတ်ပုံ ၁ဝဝ ကို ခင်းကျင်းပြသထားကာ သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။ ''မြန်မာနိုင်ငံအနှံ့အပြားမှာဒီလိုမျိုးဓာတ်ပုံကို ဝါသနာပါတဲ့  အမျိုးသမီးတွေရှိတယ်။ များသောအားဖြင့် ဓာတ်ပုံရိုက်တယ် ဆိုတာက အမျိုးသားတွေပဲလုပ်ကြတာပါ။ ဒီလိုအမျိုးသမီးဓာတ်ပုံပညာရှင်တွေစုပေါင်း ကျင်းပတဲ့ပြပွဲ လုပ်တာတော့ ဒီအကြိမ်က တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပြပွဲပြီးတိုင်းမှာ ရောင်းချလို့ရတဲ့ငွေကြေး တစ်ဝက်ကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းကြတာပါ။ ဒီနှစ်မှာတော့ ရေဘုတ်ကြီးကျေးရွာမှာ လိုအပ်နေတဲ့   ရေတွင်းရေကန် အပါအဝင် လိုအပ်နေတာတွေကိုလှူဒါန်းမှာ ဖြစ်ပါတယ်'' ဟု   ပြပွဲတွင်ပါဝင်သည့် ဓာတ်ပုံဆရာမ ဒေါ်ခိုင်ဇာမွန်ကပြောသည်။ အမျိုးသမီး ဓာတ်ပုံပညာရှင်များ စုစည်းပြုလုပ်သည့်  ဓာတ်ပုံပြပွဲ ပထမအကြိမ်ကို ၂ဝ၁၇ ခုနှစ်ကပြုလုပ်ခဲ့ပြီး  ပြပွဲမှရရှိသည့် ငွေကြေးအနက် ငွေကျပ် ၃၆ သိန်းကို ရခိုင်ဒေသပြန်လည်ထူထောင်ရေး အတွက် လှူဒါန်းခဲ့ကြောင်း၊၂ဝ၁၈ ခုနှစ်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြပွဲမှရရှိသည့် ငွေကျပ် ၁၂ သိန်းခွဲကိုလည်း တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မိဘမဲ့ကလေးများ စာသင်ကျောင်း၌ ပညာရေးပဒေသာပင်အဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုကျင်းပလျက်ရှိသည့် တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲမှ ဓာတ်ပုံများ ရောင်းရငွေ၏ ၅ဝ ရာခိုင်နှုန်းကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေဘုတ်ကြီးကျေးရွာ (ဆံရစ်ဝိုင်းရွာ)သို့ လှူဒါန်းရန်ရည်ရွယ်ထားကြောင်း သိရသည်။ ပြပွဲတွင် အထူးအစီအစဉ် အနေဖြင့် ဓာတ်ပုံဝါသနာရှင်များ အတွက် ဗဟုသုတ ရစေရန်ရည်ရွယ်၍ ဆရာကျော်ကျော်ဝင်း (Fuji Film Brand Ambassador) က သဘာဝကျသော ဓာတ်ပုံများကို   ဖန်တီးတင်ပြခြင်း၊ ဆရာ ဦးဇော်မင်း(G.T.S)က ဓာတ်ပုံကောင်းတစ်ပုံရရန် သဘာဝအလင်းမရလျှင် သဘာဝ မဟုတ်သော အလင်းများ မည်သို့မည်ပုံဖန်တီးမည်ဆိုသည်ကို မျှဝေဆွေးနွေးခြင်းနှင့် ဆရာမစောသဉ္ဇာထိုက်က ယခုခေတ်သည် ဒစ်ဂျစ်တယ် ကင်မရာများကို အသုံးပြုသော ခေတ်ဖြစ်သည့်အားလျော်စွာ ဓာတ်ပုံရိုက်ပြီးပါက ဒစ်ဂျစ်တယ် နည်းပညာများဖြင့် Editing/Retouching ပြုလုပ်နည်းများကို ဆွေးနွေးသင်ပြပေးကြောင်း သိရသည်။

Read 17 times Last modified on Sunday, 14 July 2019 09:33