SJ WorldNews - шаблон joomla Авто

အမှိုက်နှင့်ကွမ်းတံတွေး စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကို အရေးယူရန် ပြင်ဆင်လျက်ရှိ

Monday, 22 July 2019 09:39 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းကို အထောက်အထားနှင့်တကွ အရေးယူရန် ပြင်ဆင်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ  စီမံရေးရာဌာန   ဌာနမှူး ဦးကျော်မင်း၏ ပြောပြချက်အရ  သိရသည်။

စည်းကမ်းမဲ့   ကွမ်းတံတွေးထွေးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်း တို့ကို မှတ်တမ်းဓာတ်ပုံ၊ သက်သေ အထောက်အထားနှင့်တကွ တရားစွဲဆိုနိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ  စီမံရေးရာဌာနနှင့် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနတို့  ပူးပေါင်းညှိနှိုင်းနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်   ၃၃   မြို့နယ်အတွင်း စည်ပင်တရားရုံး ခုနစ်ရုံး   ဖွင့်လှစ်ထားကာ တရားစွဲဆိုနိုင်ရန် ကော်မတီ တရားစွဲ တာဝန်ခံကို ဒုတိယဦးစီး အရာရှိ အဆင့်ရှိ  ဝန်ထမ်းတစ်ဦးစီ ထားရှိပေးထားကြောင်း သိရသည်။

''အခုနောက်ပိုင်း  တရားစွဲဆိုခံရသူတွေ ဘက်က  ရှေ့နေတွေ ပါလာတယ်။ မြို့နယ် အသီးသီးမှာ   ဖြစ်ပေါ်နေတဲ့ မှုခင်းတွေကို အရေးယူ ဆောင်ရွက်တာတွေ၊ မှုခင်းကျဆင်း ရေးကို  ဆောင်ရွက်နေတဲ့ ရဲစခန်းတွေမှာ  စည်ပင်တိုင်တန်းချက်တွေ လက်ခံဆောင် ရွက်ရာမှာ ''ပ'' နံပါတ်မပေးနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဌာနနှစ်ခု ညှိနှိုင်းပြီး    အထောက်အထား၊ ဓာတ်ပုံနဲ့တကွ တရားစွဲဆိုနိုင်ရေး ဆောင် ရွက်နေပါတယ်''  ဟု  ဦးကျော်မင်း ကပြောသည်။

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းနှင့်  အမှိုက်စွန့်ပစ်ခြင်းကို   ပြစ်မှု ကျူးလွန်ကြောင်း သက်သေ အထောက်အထားများ တင်ပြ၍  စည်ပင်သာယာ ဥပဒေပုဒ်မ ၃၃၂ (က) အရ ရဲအရေးပိုင်ဖြစ်သည့် အတွက် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ပြစ်မှုနံပါတ် တောင်းခံရကြောင်း၊ ယင်းဥပဒေအရ  ပြစ်မှုအားလုံးကို  ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားသည့်အတွက် ပြစ်မှုကျူးလွန်ကြောင်း၊ ပြဋ္ဌာန်းထားသည့် တားမြစ်ချက်တို့ကို ဖောက်ဖျက် ကျူးလွန်ခြင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ခြင်းရှိပါက   တရား ဥပဒေအရ  အရေးယူနိုင်ကြောင်း၊  ယင်းအတွက် သက်သေအထောက်အထား၊ မှတ်တမ်းဓာတ်ပုံဖြင့် အရေးယူနိုင်ရေး လိုအပ်ချက်ကို  ညှိနှိုင်းဆောင် ရွက်နေကြောင်း သိရသည်။             

Read 15 times Last modified on Monday, 22 July 2019 09:40