မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သောက်သုံးရေ လုံလောက်မှုမရှိသော ပရိမ်သာကျေးရွာနှင့် ဘောင်ဘဲ့တန်း(မြောက်) ကျေးရွာတို့၌ သောက်သုံးရေ ဖူလုံစွာ ရရှိရေး လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရေး အတွက် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရေပေးရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ပရိမ်သာကျေးရွာအုပ်စု ပရိမ်သာကျေးရွာတွင် စက်ရေတွင်း တူးဖော်ဆောင်ရွက်မည့် မြေနေရာ အနေအထားကို လည်းကောင်း၊ ဘောင်ဘဲ့တန်းကျေးရွာ အုပ်စုဘောင်ဘဲ့တန်း (မြောက်)ကျေးရွာတွင် ပြုပြင်ဆောင်ရွက်မည့် မြေသားရေကန် ရေဝင်ရောက်မှု အခြေအနေနှင့် ရေစီးလမ်းကြောင်း အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပရိမ်သာကျေးရွာတွင် အိမ်ခြေ ၁၇၈ အိမ်၊ လူဦးရေ ၁၃၇၃ ဦးရှိပြီး ကျေးရွာပိုင် စက်ရေတွင်းတစ်တွင်း ရှိသော်လည်း နွေရာသီကာလတွင် ရေလုံလောက်မှု မရှိခြင်း၊ ဘောင်ဘဲ့တန်း(မြောက်)ကျေးရွာတွင် အိမ်ခြေ ၁၈၅ အိမ်၊ လူဦးရေ ၉၂၂ ဦးရှိပြီး ကျေးရွာပိုင် စက်ရေတွင်းတစ်တွင်း ရှိသော်လည်း ရေငန်နေသဖြင့် မြေသားရေကန်မှ ရေကိုသာ အားထား အသုံးပြုနေရခြင်း၊ မြေသားရေကန်မှာ ရေသိုလှောင်နိုင်မှုနည်းခြင်း၊ မိုးရေဝင်ရောက်မှု နည်းခြင်း တို့ကြောင့် နှစ်စဉ်သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် အဆိုပါကျေးရွာများအား ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လျာထားတင်ပြမည် ဖြစ်ကြောင်း သိရသည်။
ရေစကြိုမြို့နယ်အတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၁၄၂ ဒသမ ဝ၉၆ သန်းဖြင့် တွင်းနက်စက်ရေတွင်း ငါးတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တစ်ကန် တူးဖော်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။