SJ WorldNews - шаблон joomla Авто

ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ

Tuesday, 08 August 2017 08:58 font size decrease font size decrease font size increase font size increase font size

ကရင်တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များ မပပျောက်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အကြောင်းကို သိရှိနားလည် လာစေရန်၊ ကရင်ရိုးရာ ဓလေ့များကို ထိန်းသိမ်းမြတ်နိုး တတ်လာစေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင် ဆင်နွှဲလာစေရန် အတွက် နှစ်စဉ်နှစ်တိုင်း ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကရင်လူမျိုးများသည် ရှေးဘိုးဘွား ဘီဘင်များ၏ ယူဆချက်အရ ဝါခေါင်လတွင် အများအားဖြင့် ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်း နည်းလာကာ စားသောက် ရာတွင်လည်း ပုံမှန်ထက်ပိုမို၍ ကုန်ကျသည်ဟု ထင်မြင်ပြီး မကောင်းဆိုးဝါးများ လူတွင် ဝင်ရောက်ပူးကပ်သည်ဟု ယူဆကြသောကြောင့် ကိုယ့်လိပ်ပြာ လွင့်မသွားအောင် ဝိညာဉ် လိပ်ပြာကို ခေါ်လေ့ခေါ်ထရှိကြောင်း၊ လိပ်ပြာ မလွင့်အောင် ချည်ဖြူဖြင့် လက်မှာ ချည်နှောင်ထားပြီး ဆံဖြူခါးကုန်းသည် အထိ လိပ်ပြာဝိညာဉ်ကို ကိုယ်နှင့်မကွာ  နေထိုင်နိုင်စေရန် ဆုတောင်းမေတ္တာ ပြုခြင်းသည် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ၏ အနှစ်သာရပင် ဖြစ်ပေသည်။

အိမ်ထောင်စုတစ်စုတွင် အိမ်သား တစ်ဦးတစ်ယောက် မကျန်းမမာ ဖြစ်၍သော်လည်းကောင်း၊ တစ်စုံတစ်ရာ ထိတ်လန့်မှုကြောင့် ကယောင်ချောက်ချား ဖြစ်နေခြင်းကို လည်းကောင်း ချည်ဖြူဖွဲ့ပြီး ရိုးရာကုထုံးဖြင့် ကုသသည့် သဘောဖြစ်သည်။ ထိပ်လန့်မှုဖြစ်၍ နာမကျန်း ဖြစ်နေသောသူကို လိပ်ပြာခေါ်ရန် ရှိလာသည့်အခါ လိပ်ပြာခေါ်ယူသူကို ပင့်ဖိတ်ကာ တာဝန်ပေးကြသည်။ အများအားဖြင့် ဆေးဝါးကုသနေသော သမားတော်များ၊ ကျေးရွာ အကြီးအကဲများက ဆောင်ရွက်ပေးကြသည်။ အလားတူ ကရင်လူမျိုးများ ဆင်းသက်လာရာ  လမ်းကြောင်းတစ်လျှောက်တွင် ညီအစ်ကိုမောင်နှမ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မှတ်မိနိုင်ရန် မိမိတို့၏ လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ရစ်ပတ်ချည်နှောင် အမှတ်သညာ ပြုခဲ့ကြရာမှ  လက်ကောက်ဝတ်တွင် ချည်ဖြူရစ်ပတ် ချည်နှောင်ထားသည်ကို တွေ့လျှင် ကရင်လူမျိုး ဖြစ်ကြောင်း သိနိုင်ပေသည်။ ကရင်လူမျိုးများတွင် ချည်ဖြူဖြင့် လက်ချည်ခြင်း သုံးမျိုးရှိပြီး ၎င်းတို့မှာ

(၁)     မင်္ဂလာဆောင်သည့်အခါ လက်ချည်ခြင်း

(၂)     ဘိုးဘွားမိဘနှင့် ဆွေမျိုးမောင်နှမ သားချင်းများထဲမှ တစ်ဦးဦး သေဆုံးသည့်အခါ လိပ်ပြာခေါ် လက်ချည်ခြင်း

(၃)     မကောင်းဆိုးဝါး  ဝင်ပူးသည်ကို ကြောက်လန့်မှုဖြင့် တွေ့ဆုံလွန်ကဲပြီး ဖျားနာ မကျန်းမမာဖြစ်သည့် အခါ လိပ်ပြာခေါ်လက်ချည်ခြင်းတို့ ဖြစ်ကြသည်။

ထိုလက်ချည်ခြင်းသုံးမျိုးကို ပြုလုပ်ရာတွင် အချိန်အခါ မတူညီကြသော်လည်း ဝါခေါင်လ လက်ချည်ပွဲသည် ဝါခေါင်လ အတွင်းတွင်သာ စုပေါင်း၍ ပြုလုပ်ခြင်း၊ ကျေးရွာ ဘုန်းကြီးကျောင်းတွင် စုပေါင်းပြုလုပ်ခြင်း၊ မိသားစုတစ်စုတည်း ပြုလုပ်ခြင်းတို့ကို နှစ်စဉ် ကျင်းပကြသည်။ လက်ချည်ခြင်းသည် သာမန်အားဖြင့် သမားရိုးကျဟု ထင်မြင်ယူဆ ရပါသော်လည်း အမှန်တကယ် လေ့လာကြည့်ရာတွင် လက်ချည်သည့်အခါ အသုံးပြုသည့် ပစ္စည်းပစ္စယများ တစ်ခုချင်းစီ တိုင်းတွင် လေးနက်သည့် အဓိပ္ပာယ်များ ရှိနေသည်ကို သိရှိရသည်။

ချည်ဖြူဖွဲ့ရာတွင် ပစ္စည်းခုနစ်မျိုး ပါဝင်ပြီး

၁။      ငှက်ပျောသီး-  ကရင်လူမျိုးများသည် ငှက်ပျောသီးကဲ့သို့ တစ်ဖီးတည်း တစ်ခိုင်တည်း စုစုစည်းစည်း ညီညီညာညာဖြင့် ဥမကွဲသိုက်မပျက် နေထိုင်ကြသည့် သဘောကို ဆောင်ပါကြောင်း

၂။      ကောက်ညှင်းထုပ် - ကောက်ညှင်းသည် စေးကပ်သည့် သဘောရှိပြီး တော်ရုံနှင့်ခွာ၍ မရ၊ ထို့အတူ ကရင်လူမျိုးများသည်လည်း ကောက်ညှင်းပမာ တည်တံ့ခိုင်မာသော နှလုံးသားရှိသည့် သဘောကို ဆောင်ပါကြောင်း

၃။      ထမင်းဆုပ် - ကျွန်တော်တို့သည် အင်အားရှိရန် ထမင်းကိုနေ့စဉ် စားသုံးကြပါသည်။ ထမင်းစားရမှ အားရှိပါမည်။ အားရှိမှ အလုပ်လုပ်နိုင်မည်။ ထို့ကြောင့် ကျွန်တော်တို့ ကရင် လူမျိုးများ အချင်းချင်း ထမင်းခွံကျွေးကြပါစို့ ဟူသော သဘောကို ဆောင်ပါကြောင်း

၎။      နတ်ပန်းညို- နတ်ပန်းညိုပင်သည် မိမိအပင်ရှင်သန် ကြီးထွားရေးအတွက် အမြစ်သည် ကျယ်ပြန့်ရှည်လျားစွာ ထိုးဆင်းပြီး အပင်သည် ဆင့်ကဲဆင့်ကဲ ပေါက်သဖြင့် တော်ရုံနှင့် မသေနိုင် မျိုးမသုဉ်းပေ၊ ထို့အတူ ကရင်လူမျိုး များသည် ရောက်လေရာတွင် နတ်ပန်းညိုကို စံပြု၍ မိမိတို့ မျိုးဆက်ကို ထိန်းသိမ်း ဆောင်ရွက်ကြရန် အဓိပ္ပာယ်ကို ဆောင်ပါကြောင်း

၅။      ချည်ဖြူ-ချည်ဖြူ တစ်မျှင်ကို ပြတ်အောင် ဆွဲဖြတ်နိုင်သော်လည်း ချည်မျှင်များ စုစည်း၍ ဖွဲ့ချည် ထုံးနှောင်သောအခါ ဆွဲဖြတ်၍ မပြတ်နိုင်သကဲ့သို့ ကရင်လူမျိုးများ အချင်းချင်း သည်လည်း ချည်ဖြူပမာ စုစည်းခိုင်မာရမည့် သဘောကို ဆောင်ပါကြောင်း

၆။      ရေ - ရေသည် အေးမြနေသကဲ့သို့ ကရင်လူမျိုး တို့၏ ဘဝခရီး လမ်းသည်လည်း   အေးချမ်းသာယာစေရန် ရည်ရွယ်သည့် သဘောကို ဆောင်ပါကြောင်း

၇။      ကြံပိုင်း - ကြံပင်တို့မည်သည် တစ်ဆစ်ပြီးတစ်ဆစ်၊ တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့ ထိုးတက်လျက်ရှိရာ ကြံပင်ကို ပမာပြု၍ ရှေ့ဆက်ဘဝ စည်ကားရေးအတွက် ကြိုးစားကြရမည့်  သဘောကို ဆောင်ပါကြောင်း

ထို့ကြောင့် အဓိပ္ပာယ်များနှင့် ပြီးပြည့်စုံသော ချည်ဖြူဖွဲ့ မင်္ဂလာရိုးရာ ဓလေ့ပွဲတော်ကို  မပျောက်မပျက် ဆက်လက်၍ လက်ဆင့်ကမ်းထိန်း သိမ်းမြှင့်တင်ကြရန်၊ မွန်မြတ်သန့်စင်ပြီး ချစ်စရာကောင်းသော ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်ပြီး နှစ်စဉ်ဝါခေါင်လ ရောက်တိုင်း မိမိတို့၏ လက်ကောက်ဝတ်များတွင် ချည်ဖြူဖွဲ့၍ ကရင်ရိုးရာ ဓလေ့ကို အစဉ်အလာမပျက် ဆက်လက် ထိန်းသိမ်း ကြပါစို့ဟု ဆန္ဒပြု ရေးသားတင်ပြ အပ်ပါသည်။

စောမျိုးမင်းသိန်း

Read 499 times Last modified on Tuesday, 08 August 2017 09:02