အဆိုပါ သဘောတူ ထုတ်ပြန်ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံကြီး၏ သဘောတူ ထုတ်ပြန် ကြေညာချက်
၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၆ ရက်
၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
၁။ ကမ္ဘာ့ပြည်သူအပေါင်း စိုးရွံ့ထိတ်လန့်မှု ကင်းရှင်းစွာ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘဝလုံခြုံမှု အာမခံချက် အပြည့်အဝ ရှိနိုင်မည့် ညီညွတ်သည့် လူမှုဘဝ ဖန်တီးဖော်ဆောင်သွားမည်။
၂။ ဘာသာရေးကို ခုတုံးလုပ်လျက် အမုန်းစကား ပြောကြားခြင်း၊ မဟုတ်မမှန် ဝါဒဖြန့်ခြင်း၊ ယင်းတို့အပေါ် အခြေတည်၍ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ စစ်မက်ဖြစ်ပွားခြင်း မှန်သမျှကို လည်းကောင်း၊ ယင်းလုပ်ရပ်များအတွက် ထောက်ပံ့ ကူညီသူများကို လည်းကောင်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်။
၃။ ကမ္ဘာပေါ်ရှိ ဘာသာရေး ခေါင်းဆောင်များအားလုံး ဘာသာတရား၏ အဆုံးအမများကို လိုက်နာခံယူပြီး ပြည့်ဝသော လူ့ဘောင်ဘဝ တည်ဆောက်သူများအဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပိုမိုတိုးတက် ခိုင်မာစေရေးကို ကြိုးပမ်းဆောင်ရွက် သွားကြမည်။
၎။ မတူကွဲပြားသည့် ဘာသာဝင်များ အကြား အပြန်အလှန် နားလည်မှု၊ လေးစားမှုနှင့် ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံသည့် သာယာသော လူ့ဘောင်ဘဝ တည်ဆောက်သွားရန် လိုအပ်သည်။
၅။ အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်း မပြုရေးကို ထိန်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြမည်။
၆။ လူသားထု ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် များစွာ နောက်ကျခြင်း မဖြစ်မီ သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးကို ဘာသာပေါင်းစုံ၏ အမွေခံ တာဝန် ဝတ္တရားအဖြစ် ဆောင်ရွက်သွားကြမည်။
၇။ ဘာသာပေါင်းစုံ ညီလာခံ (SAMVAD II) သို့ တက်ရောက်ခဲ့ကြသည့် အိန္ဒိယနိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များက ကိုးကွယ်ရာ ဘာသာများအကြား ညီညွတ်ချစ်ကြည်မှု ရရှိစေရေးအတွက် လိုအပ်ပါက ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ လေးလ တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးသွားရန် ဆုံးဖြတ်ကြသည်။
၈။ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အသိစိတ်ဓာတ် တိုးမြှင့်မှု အစီအစဉ်များကို စုပေါင်းချမှတ်ပြီး လက်တွေ့ဆောင်ရွက်သွားမည်။
၉။ အချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တိုးမြှင့်ရေးအတွက် ဘာသာပေါင်းစုံ တရားစခန်း (Meditation Camp) တစ်ခု ဖွဲ့စည်းတည်ထောင်သွားမည်။
၁ဝ။ ဘာသာအသီးသီး၏ လမ်းစဉ်နှင့် အစဉ်အလာများကို တန်းတူညီမျှစွာ အသိအမှတ် ပြုရမည်။