SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်း ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၌ တင်ပြဆွေးနွေးမည်

Friday, 13 October 2017 09:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၂

မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်း ဥပဒေကြမ်းကို အောက်တိုဘာ ၁၇ ရက်တွင် အမျိုးသား လွှတ်တော် အစည်းအဝေး၌ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုး ထံမှ သိရသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပသည့် မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်ကာ ဥပဒေ ပညာရှင်များ အသင်းမှ စိတ်ဝင်စားသည့် Member များ၊ ညီနောင် အသင်းမှ အပြီးသတ် ရေးဆွဲဆွေးနွေးသည့် စတုတ္ထ အကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိကျင့်သုံးနေသော ဥပဒေမှာ ၁၉၉၃ ခုနှစ်ကတည်းက ကျင့်သုံးနေခြင်း ဖြစ်၍ နှစ်ပေါင်း ၂၅ နှစ် ရှိနေပြီ ဖြစ်သောကြောင့် အဆိုပါ ဥပဒေကို လွှမ်းမိုးနိုင်မည့် ဥပဒေသစ် ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ ''လက်ရှိ ဥပဒေထဲမှာ အရေးကြီးတဲ့ အချက်အလက် တွေက ခေတ်မမီတော့ တာတွေရှိတယ်။ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီးတော့လည်း အားနည်းနေတာတွေ တွေ့ရတယ်။ အဓိက ပြင်ဆင်သင့်တဲ့ အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးအတွက် လုပ်ရမှာတွေ ရှိသလို တချို့ကိစ္စတွေ မှာလည်း ခေတ်ကာလအရ လိုက်လျောညီထွေရှိမယ့် အချက်အလက်တွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။ အဆိုပါ ဥပဒေကြမ်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဦးစီးကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ချပြထားပြီး ပြည်သူများ၏ အကြံပြု ဆွေးနွေးချက်များကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းကို ခရီးသွားလာရေး လုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ပြီး တာဝန်သိ ခရီးသွားလာရေး လုပ်ငန်းတစ်ရပ် ပေါ်ပေါက်လာစေရေး အတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် ပေါ်ထွက်လာစေရေး အတွက် ထိရောက်သော ပြည်တွင်းပြည်ပ ဈေးကွက် မြှင့်တင်မှုများ ဆောင်ရွက်ခြင်းဖြင့် အထောက်အကူ ဖြစ်စေရန်၊ ခရီးသွားလာရေး လုပ်ငန်း ဆောင်ရွက်သူနှင့် ခရီးသွား ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရား များကို သိရှိလိုက်နာစေရန် ရည်ရွယ်ပြီး ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

Read 21 times Last modified on Friday, 13 October 2017 09:49