SJ WorldNews - шаблон joomla Авто

ပုပ္ပားတောင်ကလပ်၌ မိုးရွာသွန်းမှုများသဖြင့် ကတ္တရာလမ်းအချို့ ပြတ်ရွေ့မှုဖြစ်ပွား

Sunday, 22 October 2017 12:50 font size decrease font size decrease font size increase font size increase font size

ကျောက်ပန်းတောင်း အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ကလပ်၌ ပြီးခဲ့သည့်ရက်များ အတွင်း မိုးရွာသွန်းမှုများကြောင့် မြေသားနိမ့်ကျမှု ဖြစ်ပွားခဲ့ပြီး ကတ္တရာလမ်း နေရာအချို့တွင် မြေသား ပြတ်ရွေ့မှုများ ဖြစ်ပွားခဲ့သဖြင့် ယမန်နေ့ညနေ ၃နာရီက

ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက် ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မိုးနှောင်း ကာလဖြစ်သည့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာအတွင်း မိုးရွာသွန်းမှု များပြားခဲ့သဖြင့် ပုပ္ပား တောင်ကလပ်ရှိ အောင်သိဒ္ဓိ ကုန်း၌ ကတ္တရာလမ်း မြေသားပြတ်ရွေ့မှု နှစ်နေရာဖြစ်ပေါ်ခဲ့ကာ ရွှေဂူချောင်အနီးတွင် မြေသား ကျွံကျမှုအချို့ ဖြစ်ပွားခဲ့သည်။ ရွှေဂူချောင်တွင် မြေသား ပျော့အိကာ နိမ့်ဆင်းမှုကြောင့် တိုင်ထောင်သွပ်မိုး ထမင်းချက်ဆောင် တစ်ဆောင် ယိုင်နဲ့ သွားသဖြင့် ဖြိုဖျက်ထားရပြီး အောင်သိဒ္ဓိကုန်းရှိ တောင်စောင်းကမ်းပါးယံ၌ ဆောက်လုပ် ထားရှိသော အိမ်ထောင်စု သုံးစုတွင် တောင်နံရံ မြေသားပဲ့ကျမှုကြောင့် အုတ်တံတိုင်းအချို့ ပြိုပျက်မှုဖြစ်ပွားခဲ့သည်။

ပုပ္ပားတောင်ကလပ်ဒေသသည် ပြည်တွင်းပြည်ပ ဘုရားဖူးများ နေ့စဉ် ဝင်ထွက်သွားလာလျက် ရှိသောနေရာဖြစ်ပြီး ဒေသခံများ အတွက်လည်း အရောင်းအဝယ် လုပ်ငန်းများဖြင့် စီးပွားရေး အခွင့်အလမ်း ပွင့်လင်းရာ နေရာဖြစ်သဖြင့် တစ်နေ့တခြား နေထိုင် လုပ်ကိုင် စားသောက်သူ ပိုမို များပြားလာကာ ဘာသာရေး အဆောက်အအုံများ၊ လူနေ အဆောက်အအုံများမှာ အများအားဖြင့် ဖို့မြေ နေရာများနှင့် ကမ်းပါးယံတို့၌ ဆောက်လုပ်ထားခြင်းကြောင့် မိုးများသည့် ကာလတွင် အန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အဆိုပါ မြေသားပြတ်ရွေ့မှုဖြစ်ပွားရာနှင့် မြေသားနိမ့်ကျမှု ဖြစ်ပွားရာ နေရာများသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်နှင့် ကော်မတီဝင် ဦးသန်း၊ ပုပ္ပားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ညွန့်တို့က သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ စီစဉ် ဆောင်ရွက်ပေးကာ မြေသားပြတ်ရွေ့မှု ဖြစ်ပေါ်သော နေရာများကို လမ်းဦးစီးဌာနနှင့် ညှိနှိုင်း၍ အမြန်ဆုံး ပြုပြင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကိုနေ(ကျောက်ပန်းတောင်း)

Read 15 times Last modified on Sunday, 22 October 2017 13:00