SJ WorldNews - шаблон joomla Авто

ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ဆဋ္ဌမအကြိမ် အစည်းအဝေး၌ အဆိုပြု အချက် ကိုးချက်တွင် အချက်လေးချက် သဘောတူ ဆွေးနွေးနိုင်ခဲ့

Saturday, 12 August 2017 13:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၁

ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN) တို့ တွေ့ဆုံ ဆွေးနွေးသည့် ဆဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ယနေ့နံနက် ၉ နာရီခွဲတွင် ဆက်လက် ကျင်းပသည်။

ဆဋ္ဌမအကြိမ် အစည်းအဝေးတွင် UNFC ၏ အဆိုပြုချက် များအနက် အချက် လေးချက်ကို နှစ်ဖက် ခေါင်းဆောင်များ သဘောတူ ဆွေးနွေး နိုင်ခဲ့ကြသည်။ ဆွေးနွေးမှုများ အပြီးတွင် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား ယခု ခြောက်ကြိမ်မြောက် အစည်းအဝေးသည် ယခင်တွေ့ဆုံ ဆွေးနွေး မှုများထက် ငြိမ်းချမ်းရေး ခရီးအတွက် ရှေ့သို့ ရောက်ရှိအောင် ဆွေးနွေး နိုင်ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် နှစ်ဖက် ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်လိုသည့် ဆန္ဒပြင်းပြ နေသည်ကို တွေ့ရကြောင်း၊ ဆွေးနွေးရန် ကျန်ရှိနေသေးသော အချက်များ ရှိသေးကြောင်း၊ လိုလားချက် များကို အမှတ်စဉ်အလိုက် အချက် များအဖြစ် သတ်မှတ် ထားရှိသော်လည်း ငြိမ်းချမ်းရေး အတွက် အဓိက အကျဆုံး အချက်သည် ယုံကြည်မှုသာလျှင် ဖြစ်ကြောင်း၊ အဆိုပြုချက်အချို့ သဘော တူညီမှုရရှိပြီး ကျန်ရှိ နေသေးသော အချက်အချို့ကို သက်ဆိုင်ရာ ခေါင်းဆောင် များအား ပြန်လည် တင်ပြခြင်း တို့အား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းနောက် ပြန်လည်တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ UNFC ၏နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ီ DPN)ခေါင်းဆောင် ခူဦးရယ်က ယခုဆဋ္ဌမအကြိမ် တွေ့ဆုံမှု၏ ဆွေးနွေးချက် များအပေါ် မိမိတို့ DPN အဖွဲ့များ အနေဖြင့် အားရကျေနပ်မိကြောင်း၊ ဆက်လက် ဆောင်ရွက် သွားရမည့် လုပ်ငန်းများလည်း ကျန်ရှိနေသေးကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ယခုဆွေးနွေးပွဲ၏ ရလဒ်များသည် အစပျိုးကောင်းသည်ဟု နှစ်ဖက် ခေါင်းဆောင်များက မှတ်ယူကြကြောင်း၊ ယင်းအပေါ် အားရကျေနပ်မိကြောင်း၊DPN အနေဖြင့် ယခုတွေ့ဆုံ ဆွေးနွေးမှု မျှော်လင့်ချက်သည် အမြင့်ဆုံး ဆွေးနွေးမှုဟု မှတ်ယူကြောင်း၊ ထိုမျှော်လင့်ချက် များနှင့်အညီ UNFC ၏ အဆိုပြု အချက်ကိုးချက်တွင် တစ်ဝက်ကျော်အား အောင်မြင်စွာ ဆွေးနွေးနိုင်သည်ဟု ယူဆကြောင်း၊ DPN သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် တန်းတူရည်တူ ပါဝင်ပြီး အကောင်အထည် ဖော်နိုင်ရန် အတော်နီးစပ်လာပြီဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေး ခရီးပန်းတိုင်သို့ အမြန်ဆုံး ရောက်နိုင်ရန် ကြိုးစား လျှောက်လှမ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် (PC) အဖွဲ့ဝင်များ ဖြစ်သော ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးဝင်းမြင့် (ဒုတိယရှေ့နေချုပ်)၊ ဦးအောင်ကြည်၊ ဦးနိုင်ငံလင်း၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဒေါက်တာမင်းဇော်ဦး၊ ဦးလှမောင်ရွှေတို့ တက်ရောက်ကြပြီး နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN)ခေါင်းဆောင် ခူဦးရယ်၊ နိုင်အောင်မငေး (ဒုတိယအဖွဲ့ ခေါင်းဆောင်)၊ စပ်ဆေအွန်၊ဦးဘုန်းနိုင်၊ ဦးမင်းထွန်း၊ ဒေါက်တာနိုင်ရွှေသိန်း၊ စိုင်းဟက်ဟန်၊ ဦးထွန်းဇော်နှင့် နာဗစ်ဘွန်တို့အပြင် လေ့လာသူအဖြစ် PPWT မှ ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲ အပြီးတွင် ဆဋ္ဌမအကြိမ် အစည်းအဝေး၏ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့၏ နှစ်ဖက် ခေါင်းဆောင်များအကြား ဘုံသဘော တူညီချက် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင်-

၁။ ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့၏ဆဋ္ဌမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာနတွင် သြဂုတ် ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂။ အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့၏ အဆိုပြု ချက်ကိုးချက် အပေါ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဖြင့် ဆွေးနွေး ညှိနှိုင်း နိုင်ခဲ့ကြပါသည်။

ဆွေးနွေးချက် ရလဒ်များကို နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာ ခေါင်းဆောင်များ ထံသို့ ပြန်လည် တင်ပြသွားမည် ဖြစ်ပါသည်။

၃။ ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဦးနှစ်ဖက် နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုခိုင်မာ လာခဲ့ပြီး ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အတူတကွ ပါဝင်လာနိုင်ရေး ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် အပ်ပါ သည်ဟု ဖော်ပြပါ ရှိသည်။

ထို့နောက် နှစ်ရက်တာ ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ညနေပိုင်းတွင် အဆိုပါ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ရုံးခန်းမ၌ ဆက်လက် ကျင်းပသည်။

ရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ''ဒီနှစ်ရက်တာဆွေးနွေးပွဲမှာ DPN ရဲ့အဆိုပြုချက် ကိုးချက်ကို ဆွေးနွေးကြတယ်။ အဓိက အချက်ရှစ်ချက်ကို ဆွေးနွေး ဖြစ်ကြတယ်။

အဆိုပြုချက် အမှတ်စဉ် ၁ ကနေ ၄ ထိကတော့ နှစ်ဖက်သဘော တူညီနိုင်တဲ့ အနေအထား မျိုးကိုရရှိပြီး အမှတ်စဉ် (၅/၆/၇/၈) အချက် လေးချက်ကတော့ နှစ်ဖက်သဘော ထားတွေ အပြန်အလှန် ဆွေးနွေး နိုင်ကြတယ်။ ဒီအပေါ်မှာ ဆုံးဖြတ်ချက် သဘောတူညီချက်တော့ မချနိုင် သေးပါဘူး။ သဘောထား ဆွေးနွေးချက် တွေကို နှစ်ဖက်ထိပ်ပိုင်း ခေါင်းဆောင် တွေဆီ တင်ပြပြီး နောက်တစ်ကြိမ် စက်တင်ဘာလ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်မှာ PC နဲ့ DPN တို့တွေ့ဆုံရင် အတည်ပြု ဆုံးဖြတ်ချက် ချနိုင်မယ် လို့တော့ သိရတယ်။ ဒီမတိုင်ခင် ကာလတွေ မှာလည်း တစ်ဖက်စီ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်သွားဖို့ ရှိပါတယ်။ အဓိကကတော့နှစ်ဖက်စလုံး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အတူတကွ ပါဝင်ဖို့ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ DPN အနေနဲ့ အချိန်ယူပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်။ NCA ထိုးပြီးမှ အငြင်းပွားမှု တွေ မဖြစ်လာအောင် အချိန်ယူ ဆွေးနွေးနေတာ ဖြစ်ပါတယ်''ဟု ပြောသည်။

UNFC ၏ အဆိုပြုချက်များတွင် သဘောတူညီမှု ရရှိရန် ကျန်ရှိ နေသေးသော အဆိုပြုချက် အမှတ်စဉ် (၅/၆/၇/၈/၉) ချက်တို့သည် နိုင်ငံရေးဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်သည့် အပိုင်းများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး (JMC) ယန္တရား များအား ပိုမိုခိုင်မာ စေရန် နိုင်ငံတကာမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်မှု နှင့်ပတ်သက်၍ ညှိနှိုင်းမှု များတွင် ဆွေးနွေးရန် ကျန်ရှိ နေသေးကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 62 times Last modified on Saturday, 12 August 2017 13:50