SJ WorldNews - шаблон joomla Авто

ဝမ်းတွင်းမြို့နယ်အတွင်း မိုးစပါးနှင့် အခြားသီးနှံ စုစုပေါင်းဧက ၂ဝဝဝ အတွက် စိုက်ပျိုးရေ စတင် ပေးဝေ လျက်ရှိ

Saturday, 12 August 2017 13:51 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာ သြဂုတ် ၁၁

မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန မိတ္ထီလာလွင်ပြင် လျှပ်စစ် ရေတင်လုပ်ငန်းမှ ဝမ်းတွင်းမြို့နယ် အတွင်း မိုးစပါးနှင့် အခြားသီးနှံ စုစုပေါင်းဧက ၂ဝဝဝ အတွက် စိုက်ပျိုးရေ စတင် ပေးဝေလျက် ရှိကြောင်း သိရသည်။

''ဝမ်းတွင်းမြို့နယ် အတွင်းမှာ မိုးစပါးနဲ့ အခြားသီးနှံအတွက် မူလက ဧက ၁၁ဝဝ ကိုသာ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင် လုပ်ငန်းကနေ ရေပေးဝေဖို့ စီစဉ်ခဲ့ပေမယ့် အခုနောက်ထပ် တိုးချဲ့ပြီးတော့ မိုးစပါးနဲ့ အခြားသီးနှံ ဧက ၉ဝဝ အတွက် စိုက်ပျိုးရေပေးဝေသွားဖို့ ဆောင်ရွက် နေပါတယ်။

စုစုပေါင်း ဧက ၂ဝဝဝကို စိုက်ပျိုးရေ စတင်ပေးဝေ နေပါတယ်။ မြေတိုင်ကန်၊ ညောင်ဦးဖီး၊ ညောင်ပင်သာဆယ်ရွာ၊ ခင်ကြီးစတဲ့ ကျေးရွာ အုပ်စုတွေက ဒေသခံပြည်သူတွေလည်း ဒီနှစ်မိတ္ထီလာ လွင်ပြင်လျှပ်စစ်ရေတင် လုပ်ငန်းက ပေးဝေတဲ့ စိုက်ပျိုးရေနဲ့ စပါးအပါအဝင် မိုးသီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေ စတင် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်''ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင် လုပ်ငန်းသည် ကင်းတား ရေလွှဲဆည်မှ ပိုလျှံလာသည့် ရေကို ရေစုပ်စက်ကြီး များဖြင့် စုပ်တင်ပြီး မြို့ကြီး မြောင်းမတော် အမှတ်(၂)မှ တစ်ဆင့် စမုံမြစ်အတွင်း စီးဆင်းစေ၍ စမုံမြစ်ကြောင်းတွင် ရော်ဘာ အိတ်တပ် ရေလွှဲဆည် တည်ဆောက် ပိတ်ဆို့ကာ ယင်းနေရာမှ ရေစုပ်စက်ဖြင့် ဝမ်းတွင်းမြို့၊ သာစည်မြို့နယ်တို့ရှိ စိုက်ပျိုးမြေဧက ၃ဝဝဝဝ နှင့် မြစ်သားမြို့နယ် မိုင်းမောဒေသရှိ စိုက်ပျိုး မြေဧက၃ဝဝဝ ကို မိုးသီးနှံ၊ နွေသီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ရန်နှင့် ဒေသ ပတ်ဝန်းကျင် စိုပြည်ရေး အထောက်အကူ ပြုစေရန် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ စတင် အကောင်အထည် ဖော်ခဲ့သည့် စီမံကိန်းလုပ်ငန်း ဖြစ်သည်။

၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် စိုက်ပျိုးရေ ပေးဝေခြင်း လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ပြီး ကင်းတား ဆည်မှ ပိုလျှံသည့် ရေရရှိမှု အပေါ် မူတည်ပြီး ဝမ်းတွင်း မြို့နယ် အတွင်းရှိ ကျေးရွာများရှိ စိုက်ပျိုး မြေများကို စိုက်ပျိုး ရေပေးဝေရေး ပမာဏကို နှစ်စဉ်စိစစ်ကာ မိတ္ထီလာ လွင်ပြင် လျှပ်စစ် ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေ ပေးဝေနေရခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)

Read 37 times