SJ WorldNews - шаблон joomla Авто

ရန်ကုန် ဘူတာကြီး အတွင်းရှိ အချက်ပြ မီးပွိုင့်စနစ်များ အဆင့်မြှင့်တင်မှု ယခုနှစ်အတွင်း အပြီးသတ်မည်

Sunday, 13 August 2017 07:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၂

ရန်ကုန်ဘူတာကြီး အတွင်း လက်ရှိ အသုံးပြုနေသည့် ရထား အသွားအလာကို အချက် ပြပေးသည့် မီးပွိုင့်စနစ်များ အဆင့်မြှင့်တင်မှု ၅ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ရာ ယခုနှစ်ကုန်တွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီး အတွင်းရှိ အချက်ပြ မီးပွိုင့်စနစ်များမှာ ကာလ ကြာသည်နှင့်အမျှ ချွတ်ယွင်းမှုများ ဖြစ်လာသဖြင့် ယခုကဲ့သို့ အချက်ပြ မီးပွိုင့်စနစ်များကို ပြီးခဲ့သည့် ခြောက်လမှစ၍ ပြန်လည်ပြင်ဆင် နေခြင်းဖြစ်သည်။ ''ယိုယွင်းပျက်စီးမှုတွေ ဖြစ်လာတော့ မကြာခဏ မီးနီတယ်။ အဲဒီတော့ ရထားတွေက အကြောင်းမဲ့ ရပ်တန့်တာတွေ ဖြစ်လာတယ်။ JICA ရဲ့အကူအညီနဲ့ ရန်ကုန် ဘူတာကြီးရဲ့ ပွိုင့်အချက်ပြ စနစ်တွေကို ပြောင်းပြီး တပ်ဆင်မှာ ဖြစ်ပါတယ်'' ဟု မြန်မာမီးရထား တိုင်းအမှတ် (၇) မှ မန်နေဂျာ ဦးဇော်လွင်က ပြောသည်။

ရန်ကုန်ဘူတာကြီး အတွင်း လက်ရှိအသုံးပြုနေသည့် အချက်ပြ မီးပွိုင့်စနစ်များမှာ ၁၉၆ဝ ပြည့်နှစ် ကျော်ကပင် တပ်ဆင်ခဲ့သည့် မီးပွိုင့်စနစ်များ ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည် အဆင့်မြှင့်တင်ခြင်း ဖြစ်ကြောင်း သိရသည်။ အချက်ပြ မီးပွိုင့်စနစ်များ ပြန်လည် အဆင့်မြှင့် တင်ရာတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကာ ရန်ကုန်မြို့ပတ် ဧရိယာ အတွင်းရှိ အချက်ပြ မီးပွိုင့်စနစ် ၈ဝ ကျော် ရှိပြီး ရထားမီးပွိုင့် အချက်ပြ စနစ်များကို  ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ်ရန် အစီအစဉ် ရှိကြောင်း သိရသည်။ ရန်ကုန်ဘူတာကြီး အတွင်းရှိ အချက်ပြ မီးပွိုင့်စနစ်များ အဆင့်မြှင့်တင် ပြီးပါက မြို့ပတ်ရထား မီးပွိုင့်များ အဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန် -  မန္တလေး ရထားလမ်းပိုင်း အချက်ပြ မီးပွိုင့်စနစ် အဆင့်မြှင့်တင်ခြင်းကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း  သိရသည်။

Read 335 times Last modified on Sunday, 13 August 2017 07:36