SJ WorldNews - шаблон joomla Авто

အင်းလေးဒေသ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၌ ဒီဇင်ဘာ ၂၂ ရက်တွင်   တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲ ကျင်းပရန်    စီစဉ်ထားကြောင်း Cyclist Nyaung Shwe ညောင်ရွှေဒေသ စက်ဘီးစီး အဖွဲ့မှ သိရသည်။

စက်ဘီးစီးနင်းပွဲကို  ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ရှမ်းပြည်နယ်  ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့၏ လမ်းညွှန်မှုဖြင့် Cyclist Nyaung Shwe အဖွဲ့ကစီစဉ်၍ တတိယအကြိမ်  ကျင်းပခြင်းဖြစ်သည်။ အဆိုပါ စက်ဘီးစီးနင်းပွဲတွင်   ကလေးလူငယ်များနှင့် စက်ဘီးစီး မကျွမ်းကျင်သူများအတွက်  ၁၅  ကီလိုမီတာလမ်းနှင့် စက်ဘီးစီး ကျွမ်းကျင်သူများအတွက် ၃၀ ကီလိုမီတာ   တောင်တက်လမ်းကြမ်း စီးနင်းကြရမည်ဖြစ်သည်။

““အဓိကကတော့     အင်းလေးဒေသ  ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သလို လူငယ် တွေ အားကစားကို ပိုမိုစိတ်ဝင်တစား လုပ်ဆောင်လာနိုင်ဖို့ ဖြစ်ပါတယ်””  ဟု Cyclist Nyaung Shwe ညောင်ရွှေဒေသ စက်ဘီးစီးအဖွဲ့ တာဝန်ခံ ဦးမျိုးသူ ကပြောသည်။

၁၅  ကီလိုမီတာလမ်း၌  မည်သည့်စက်ဘီး အမျိုးအစားကိုမဆို စီးနင်းနိုင်ပြီး  အသက်အရွယ်မရွေး   ပါဝင်စီးနင်းနိုင်ကာ  ၃၀ ကီလိုမီတာ တောင်တက် လမ်းကြမ်း ခရီးစဉ်တွင် တောင်တက် စက်ဘီးအမျိုး အစားဖြင့်သာ ပါဝင်စီးနင်း ကြရမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါ စက်ဘီးစီးနင်းပွဲအတွက် ပါဝင်မည့်သူ ၁၀၀ ကျော်  စာရင်းပေးသွင်း ထားကြောင်း သိရသည်။

ယခင်နှစ်က ပြည်တွင်းရှိ  စက်ဘီးစီးအဖွဲ့များ လာရောက်စီးနင်းကြသကဲ့သို့   နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၀၀ ခန့် ပါဝင်စီးနင်းကြကြောင်း၊ ယခုနှစ် စက်ဘီးစီးနင်းပွဲတွင်  ပါဝင်သူများကို   စက်ဘီးငါးစီး ကံစမ်းမဲ ဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။           

Page 2 of 1292