SJ WorldNews - шаблон joomla Авто

မြန်အောင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတံတားအချို့ ပျက်စီး၊ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရ

Wednesday, 13 June 2018 08:29 font size decrease font size decrease font size increase font size increase font size

မြန်အောင် ဇွန် ၁၂

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် အတွင်း ဇွန် ၉ ရက်မှ ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတံတားအချို့ ပျက်စီးခဲ့ပြီး စာသင်ကျောင်းအချို့ ပိတ်ထားရကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်အောင်မြို့နယ် တာခွတဲကြီးကုန်း ကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာနှင့် ကွမ်းတောအုပ်စု ကွမ်းတော အနောက်ကုန်းကျေးရွာ ကျေးရွာချင်းဆက် မြေနီလမ်းပေါ် ရေကျော်မှုကြောင့် တာလမ်းတစ်ခြမ်း ပဲ့ကျမှုဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်အောင်မြို့နယ် ငှက်ကြီးကွင်းကျေးရွာအုပ်စု ပေါက်အိုင်ကျေးရွာ ရွာလယ်လမ်းပေါ်တွင် ရေသိုးချောင်းအား ဖြတ်၍ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော အရှည်ပေ ၈ဝ၊ အကျယ် ၆ ပေ၊ အမြင့် ၁၅ ပေရှိ ပေါက်အိုင်တံတားမှာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ရေသိုးချောင်းရေ တိုက်စားမှုကြောင့် ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ သဲဘို့အုပ်စု ထိန်သေးကုန်း ကျေးရွာနှင့် ငှက်ကြီးကွင်း ကျေးရွာအုပ်စု မြေပြာရွာကြားရှိ အရှည် ၄၆ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၂ ပေရှိ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ရေသိုးချောင်းကူး တံတားမှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေသိုးချောင်းရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည်။ တံတားပြိုကျမှု များကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်းလည်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာ သွန်းပြီး မိုးရေဝင်ရောက်မှုကြောင့် အခြေခံပညာ အထက်တန်းကျောင်း တာခွ၊ အခြေခံပညာ မူလတန်းကျောင်း ချင်းစု၊ အခြေခံပညာ မူလတန်းကျောင်း ခတ္ထိယ၊ အခြေခံပညာ မူလတန်းကျောင်း ညောင်ကုန်း၊ အခြေခံပညာ မူလတန်းကျောင်း မိချောင်းအိုင်၊ အခြေခံပညာ မူလတန်းကျောင်း ငှက်ကြီးကွင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ပေါက်အိုင် စသည့် စာသင်ကျောင်း ခုနစ်ကျောင်းကိုလည်း ယာယီပိတ်ထားရသည်။ မြန်အောင်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက် ၁ဝ နာရီတွင် မမြဆည်ရေလှောင်တမံ ကန်ရေပြည့်မှတ် ၃၁၅ ပေမှ ၃၁၇ ပေရောက်ရှိပြီး နှစ်ပေကျော်နေသောကြောင့် မမြဆည် ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော် စီးဆင်းလျက် ရှိကြောင်း သိရသည်။ အဆိုပါ ရေပိုလွှဲမှ စီးဆင်းလာသော ရေများမှာ မမြချောင်း ချောင်းမကြီးအတိုင်း စီးဆင်းလျက် ရှိကြောင်းနှင့် ချောင်းဘေးတစ်လျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ဂရုပြုနေထိုင်ရန် အသိပေး နှိုးဆော်ထားကြောင်း၊ မမြဆည် ရေလှောင်တမံ၏ တမံအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ရှိသူများက ၂၄ နာရီ ရေကင်းလှည့်၍ စနစ်တကျ စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်းနှင့် ယနေ့ညနေ ၄ နာရီတွင် ၃၁၉ပေသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

Read 614 times Last modified on Wednesday, 13 June 2018 08:30