နေပြည်တော် သြဂုတ် ၉
ရန်ကုန်မြို့ရှိ အမှတ်(၂)တပ်မတော် ဆေးရုံ(ခုတင်-၅ဝဝ)တွင် စတုတ္ထအကြိမ်မြောက် ပြုလုပ်သည့် သည်းခြေနှင့်ပန်ကရိယ ပုံရိပ်ဖော်မှန်ပြောင်း ကြည့်ရှုကုသမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းကို သြဂုတ် ၇ ရက်နှင့် ၈ ရက်တွင် အဆိုပါဆေးရုံရှိ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါကုသမှု ဌာနတွင်ပြုလုပ်ရာ တပ်မတော် ဆေးတက္ကသိုလ် အစာအိမ် အူလမ်းကြောင်းနှင့် အသည်းဆေးပညာဌာနမှ ဌာနမှူး ဒုတိယဗိုလ်မှူးကြီး ဒေါ်အေးမင်းစိုးနှင့် ပါရဂူသင်တန်းသား အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ King Chulalongkorn Memorial Hospital မှ အစာအိမ် အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး Dr. Runsung Rerknimitr ၊ Dr. Pradermchai Kongkam တို့နှင့် အဖွဲ့ဝင်များ၊ တပ်မတော်မှ ဆေးကုသမှုဆိုင်ရာ ပါရဂူများ၊ သူနာပြုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပါမောက္ခများ၊ ဆေးကုသမှုဆိုင်ရာ ပါရဂူများနှင့် စိတ်ဝင်စားသူများ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲသည် သည်းခြေနှင့် ပန်ကရိယ လမ်းကြောင်းကြည့် အထူးမှန်ပြောင်းနှင့် သည်းခြေနှင့်ပန်ကရိယ ပုံရိပ်ဖော်မှန်ပြောင်းတို့ကို အသုံးပြု၍ သည်းခြေနှင့်ပန်ကရိယရောဂါ သည်များကို လက်တွေ့ကုသပေးသည့် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပြီး ထိုင်းနိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ သည်းခြေနှင့် ပန်ကရိယရောဂါသည် ၂၂ ဦးကို စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လက်တွေ့စမ်းသပ်ကုသခြင်း ပြုလုပ်နေမှုများအား အဆိုပါဆေးရုံရှိ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါကုသမှု ဌာန၏ E-library တွင် ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက်ပြသထားမှု (live-stream)အား ပြုလုပ်ခဲ့ပြီး မှန်ပြောင်းကြည့်ရှုပေးနေသော ဆရာဝန်ကြီးနှင့် ပြင်ပမှကြည့်ရှုနေသော ပါမောက္ခများ၊ ဆရာဝန် သင်တန်းသားများနှင့် အခြားစိတ်ဝင်စားသူများမှ အပြန်အလှန် မေးမြန်းဆွေးနွေးရန် စီစဉ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
(၁ဝဝ)