SJ WorldNews - шаблон joomla Авто

မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာအနီးရှိ တပ်ဌာနချုပ်များအား AA အကြမ်းဖက် သောင်းကျန်းသူများက လာရောက် နှောင့်ယှက်တိုက်ခိုက်စဉ်နှင့် မိုင်းထောင်ရန် ကြိုးပမ်းခဲ့စဉ်အတွင်း ၎င်းတို့ ကျန်ရစ်ခဲ့သည့် ဗုံးသီးဟောင်း တစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံး

Friday, 24 May 2019 17:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တပ်ဌာနချုပ်များအား AA အကြမ်းဖက် သောင်းကျန်းသူများက ဘောင်းဒုတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား အကာအကွယ်ရယူလျက် ဧပြီ ၁၄ ရက်မှ မေ ၁ ရက်များအတွင်း နံနက်အစောပိုင်းတွင်တစ်ကြိမ်၊ ညပိုင်းတွင် ခြောက်ကြိမ်၊ စုစုပေါင်းခုနစ်ကြိမ် လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းနှင့် မိုင်းထောင်ရန် ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများက ဘောင်းဒုတ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတာဝန်ရှိ သူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ AA အကြမ်းဖက်သောင်းကျန်းသူများ ရွာအတွင်းသို့ ဝင်ရောက်မှု မရှိစေရေး၊ ရောက်ရှိလာပါက သက်ဆိုင်ရာသို့သတင်းပို့၍ ရပ်ရွာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကျေးရွာသားများ အနေဖြင့် ဘောင်းဒုတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတစ်ဝိုက် ခရီးသွားလာရာတွင် သတိပြု သွားလာကြရေး တို့အား စည်းရုံးဆွေးနွေးခဲ့ပြီး သတင်းထုတ်ပြန်ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဗဗအကြမ်းဖက် သောင်းကျန်းသူများက နယ်မြေခံတပ်ဌာနချုပ်များအား လာရောက်နှောင့်ယှက် တိုက်ခိုက်စဉ်နှင့် မိုင်းထောင်ရန်ကြိုးပမ်းခဲ့စဉ်အတွင်း ၎င်းတို့ကျန်ရစ်ခဲ့သည့် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် မေ ၂၂ ရက်ညနေပိုင်းတွင် မြောက်ဦးမြို့နယ်၊ နဒင်ကျေးရွာ၌ ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၃ နာရီခွဲခန့်တွင် နဒင်ကျေးရွာမှ မောင်ကျော်ဆန်းဦး၊ ၁၄ နှစ်၊ (ဘ)ဦးမောင်ဆန်းသည် ရွာအနီးကဏန်းထောင်ဖမ်းစဉ် ဘောင်းဒုတ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ လယ်ကွက်အတွင်းမှ ဗုံးသီးဟောင်းတစ်လုံးအား တွေ့ရှိခဲ့ပြီး နေအိမ်သို့ ယူဆောင်လာခဲ့ကြောင်း၊ ည ၆ နာရီခွဲခန့်တွင် ၎င်းဗုံးသီးအား ညီမဖြစ်သူ မသင်္ကြန်မယ်၊ ၁၁ နှစ်က ဓားဖြင့် ထုရိုက်ခဲ့သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ပေါက်ကွဲမှုကြောင့် မသင်္ကြန်မယ်မှာ ဗုံးသီးအစ ထိမှန်သေဆုံးခဲ့ကာ မောင်ကျော်ဆန်းဦးနှင့် ဘေးအိမ်မှ လာရောက်ကစားနေသည့် မငြိမ်းချမ်းစိုး၊ခုနစ်နှစ်တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများအား ယင်းနေ့ ည ၈ နာရီခန့်တွင် နယ်မြေခံတပ်၌ ကနဦးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ မြောက်ဦးပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး နယ်မြေခံတပ်မှ တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ကြောင့် ဗုံးသီးဟောင်း တွေ့ရှိခဲ့သည့်နေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက် အန္တရာယ်မရှိစေရေး နယ်မြေခံတပ်က ရှာဖွေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 29 times Last modified on Friday, 24 May 2019 17:04