SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူများ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရွာသူ၊ ရွာသားများနှင့် ငှက်ပျောခြံ အလုပ်သမားများ အနက် ၁၅ ဦး ပြန်လည် လွတ်မြောက်

Friday, 13 October 2017 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ ၁၂

KIA အကြမ်းဖက် သောင်းကျန်းသူများက အောက်တိုဘာ ၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆိုင်လော်၊ မန်ရှန်၊ ကောင်းခန့်၊ ၀ူရာယန်ကျေးရွာတို့မှ ရွာသူ၊ ရွာသားများနှင့်

ချန်းရင်ခူး ငှက်ပျောခြံမှ အလုပ်သမားများ စုစုပေါင်း အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ အနက် အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် အောက်တိုဘာ ၇ ရက်တွင် လည်းကောင်း၊ အမျိုးသား ခုနစ်ဦးတို့သည် အောက်တိုဘာ ၉ ရက်တွင် လည်းကောင်း အသီးသီး ပြန်လည် လွတ်မြောက်ခဲ့သည်။

ပြန်လည် လွတ်မြောက်လာသူများ၏ ပြောကြားချက်များအရ အောက်တိုဘာ ၄ ရက် ည ၈ နာရီခန့်တွင် ယူနီဖောင်းဝတ်ဆင်၍ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသည့် KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်သည် အဖွဲ့လေးဖွဲ့ခွဲ၍ ရောက်ရှိလာပြီး ဆိုင်လော်ကျေးရွာမှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးနှစ်ဦး၊ မန်ရှန်ကျေးရွာမှ အမျိုးသားနှစ်ဦး၊ ကောင်းခန့်ကျေးရွာမှ အမျိုးသား ခြောက်ဦး၊ ၀ူရာယန်ကျေးရွာမှ အမျိုးသား ၁၂ ဦးနှင့် ချန်းရင်ခူးငှက်ပျောခြံမှ အမျိုးသား ၂၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်၍ ၀ူရာယန်ကျေးရွာ၌ ပြန်လည်စုစည်းကာ ကျေးရွာ၏ အရှေ့တောင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ အောက်တိုဘာ ၆ ရက်တွင် ၀ိုင်းမော်မြို့နယ်၊၀ထောင်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ချောင်းငယ်တစ်ခုအနီးသို့ အရောက်၌ နှစ်ဖွဲ့ခွဲ၍ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အောက်တိုဘာ ၇ ရက်တွင် လွတ်မြောက်လာသူရှစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ချောင်းငယ်နေရာမှ တစ်ဆင့် ၎င်းတို့ကို ၀ထောင်ကျေးရွာ၏ အရှေ့တောင်ဘက် ၅ မိုင်ခွဲခန့်အကွာရှိ ခါဝှန်စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ၎င်းတို့ရှစ်ဦးအား တောလမ်းအတိုင်း ဆဒုံးမြို့နယ်၊ စကားပါကျေးရွာအ၀င် ကြိုးတံတားထိပ်အထိ ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဆဒုံးမြို့သို့ လမ်းလျှောက် ထွက်ခွာခဲ့ပြီး ဆဒုံးမှ မြစ်ကြီးနား-ကန်ပိုက်တည်သွား လိုင်းကားဖြင့် လိုက်ပါခဲ့ပြီး ၀ိုင်းမော်မြို့နယ်၊ ဂွေထုကျေးရွာ၏ အရှေ့တောင်ဘက် ၆ မိုင်ခွဲခန့်အကွာရှိ နယ်မြေခံတပ်စခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်တွင် ဆဒုံးမြို့နယ်၊ အောက်ရှမ်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိ လွတ်မြောက်လာသူ ခုနစ်ဦး၏ ပြောကြားချက်အရ နှစ်ဖွဲ့ခွဲခေါ်ဆောင်သည့်နေရာမှ တစ်ဆင့် တောင်ဘက်အတိုင်း ဆက်လက် ခေါ်ဆောင်သွားပြီး အောက်တိုဘာ ၇ ရက်တွင် ၀ထောင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ လူသွားလမ်းတစ်ခုသို့ အရောက်၌ ၎င်းတို့အား အသက်ကြီးခြင်း၊ ကျန်းမာရေး မကောင်းခြင်းနှင့် ကိုယ်အင်္ဂါ မပြည့်စုံခြင်းတို့ကြောင့် မြောက်ဘက်သို့ ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း၊ မြောက်ဘက်တောလမ်းအတိုင်း ဆက်လက်ထွက်ခွာလာပြီး လမ်းခရီး၌ ဒေသခံလီဆူး တိုင်းရင်းသားများအား ဆဒုံးမြို့သို့ သွားလိုကြောင်း မေးမြန်း၍ ခရီးဆက်လာရာ ယခုအောက်ရှမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကျန်ရှိနေသည့် ရွာသူ၊ ရွာသားများနှင့် ငှက်ပျောခြံ အလုပ်သမားများ ပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော် စစ်ကြောင်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Read 6 times Last modified on Friday, 13 October 2017 10:14