SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချဆေးနည်းတိုများ( ၁၈ )

Wednesday, 03 January 2018 11:43 Written by  font size decrease font size decrease font size increase font size increase font size

မေး ။         ဆရာခင်ဗျာ။ ဆောင်းတွင်း နံနက်စောစောမှာ အလုပ်မသွားမီ ရေချိုးပါ တယ်။ အအေးဒဏ်ကို မခံနိုင်လို့ ရေနွေးစပ်ချိုးပါတယ်။ အချို့ကပြောတော့ ရေနွေး စပ်ချိုးရင်ကြာရင် မျက်စိထိခိုက်တယ်ဆိုတာ မှန်ပါသလားဆရာ။

ဖြေ ။      ။ ဆောင်းဥတုမှာ ရေနွေးချိုးတဲ့သူများဟာ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ ဇက်ကြောတက်ခြင်း၊ ခါးနာခြင်း၊ ဒူးနာခြင်းဖြစ်လေ့ရှိတယ်။  အခန့်မသင့်ရင်  မျက်စိကျိန်းစပ် ခြင်း၊ မျက်စိနီခြင်းများလည်း ဖြစ်နိုင်တယ်။ အအေးမမိစေရန် ရေအေးကိုရေနွေး စပ်ပြီးချိုးနိုင် သော်လည်း ရေပူဖြစ်အောင် မစပ်သင့်ပါ။ လူငယ်လူလတ်ပိုင်းများမှာ သဘာဝအတိုင်းရေအေး ကိုသာချိုးသင့်ပါတယ်။ ရှေးလူကြီးများက စီးဆင်းနေသောမြစ်ရေ၊ ချောင်းရေကိုချိုးရင် အန္တရာယ်မရှိ။ ငြိမ်နေသောတွင်းရေ၊ ကန်ရေကိုချိုးရင် ဖျားနာတတ်တယ်လို့ ဆိုတယ်။   ရေပေးရေးမှပေးသော ရေပိုက်များမှ ရေများသည် စီးဆင်းနေသော ရေမျိုးဖြစ်သဖြင့်  ရေနွေးမစပ်ဘဲ ချိုးနိုင်သည်။

မေး ။       ။ မင်္ဂလာပါ ဆရာကြီးရှင့်။ သမီးအသက် ၂၅ နှစ်ရှိပါပြီရှင့်။ အိမ်ထောင်ကျကျချင်း မှာ ကလေးရခဲ့ဖူးပါတယ်။ ဒါပေမဲ့ပျက်ကျသွားလို့ သားအိမ်ခြစ်လိုက်ရတယ်။ တားဆေး သုံးခါထိုးပြီးတော့ ကလေးလိုချင်လို့ ဆေးဖြတ်ခဲ့ပါတယ်။ အခုဆို ဆေးဖြတ်တာ တစ်နှစ်ခွဲရှိ ပါပြီရှင့်။ သမီးတို့ အိမ်ထောင်သက်လည်း နှစ်နှစ်ပြည့်ခဲ့ပါပြီ။ သမီး ဖောလစ်အက်စစ်နဲ့ Eve-500 သောက်တာလည်းကြာပါပြီ။ အခုထိမထူးခြားသေးပါဘူး ဆရာရှင့်။ အမျိုးသားကိုလည်း ခွေးလှေးယားသီး အနက်စေ့ လှော်ကျွေးတယ်ဆရာ။  သမီး ဓမ္မတာလာတာလည်း မှန်ပါတယ် ဆရာ။ သမီးကို အကြံဉာဏ်လေးများပေးပါလို့ လေးစားစွာ အကူအညီတောင်းပါတယ်ရှင့်။

ဖြေ ။        ။ ရနိုင်ပါတယ်။ ဝလာလား။ ဝလာတယ်ဆိုရင် သားအိမ်လမ်းကြောင်း ပွင့်အောင်ဝါးရွက်ပြုတ်သောက်ပါ။ ဝါးရွက် ၁ဝ ရွက်လောက်ကို ကတ်ကြေးနဲ့ပါးပါးညှပ်၊ ရေနွေးမတ်ခွက် တစ်လုံးခွဲစာနဲ့ သုံးခွက်တစ်ခွက်တင် ကုန်အောင်ပြုတ်ပါ။ တစ်နေ့ မတ်ခွက် တစ်လုံးစာကုန်အောင် ဖြည်းဖြည်းချင်းသောက်ပါ။ ပျားရည်တစ်ဇွန်း ထည့်သောက်ရင် ပိုကောင်းပါတယ်။ ဘယ်ဝါးရွက်မဆိုရပါတယ်။ ကြခတ်ဝါးရွက်ကတော့ အကောင်းဆုံးပါ။ ဘေးထွက်ဆိုးကျိုးမရှိပါ။

မေး ။       ။ ကလေးအသက် ရှစ်လပါဆရာ။ ကလေးစအိုရောင်နေလို့ပါ။ ဆေးနည်း လေးညွှန်ပေးပါ။

ဖြေ ။        ။ ပျားရည်နှင့်အုန်းဆီ ရောစပ်လိမ်းပါ။

မေး ။       ။ ဆရာရှင့်။ ကလေး စအိုရောင်တာ ကောင်းသွားပါပြီ။ ဝမ်းက တစ်ပတ်ရှိပြီ။ သွားနေတုန်းပါ။ လေနဲ့ဝမ်း မကွဲဖြစ်နေလို့ပါ။ လေထွက်ရင် ဝမ်းကပါနေလို့ပါ။ ဘာဆေး တိုက်ရမှန်း မသိလို့ပါဆရာ။ ကလေးက အသက်ရှစ်လပါ။ ဝမ်းပျက်နေတယ်ထင်လို့ပါ ဆရာ။ ဆေးနည်းလေး ညွှန်ပေးပါဆရာ။

ဖြေ ။        ။ လက်ဖက်ခြောက် တစ်ဇွန်းကို သကြားနှစ်ဇွန်းစပ်၊ ရေနွေးမတ်ခွက် တစ်လုံးမှာ  ဖျော်၊   ဆားလှော် အနည်းငယ်ထည့်၊ အအေးခံထား၊ ဇွန်းသေးသေးလေးနဲ့ တဖြည်းဖြည်းချင်း ကုန်နိုင်သလောက် ဝင်အောင်တိုက်ပါ။ လေ၊ ဝမ်း ကွဲလာပါလိမ့်မယ်။ ကလေးကို ဝမ်းပိတ် ဆေးမတိုက်သင့်ပါ။

မေး ။       ။ ဆရာ ကျွန်မသမီးလေး ရေချိုးမှားပြီး ကိုယ်လေးနည်းနည်းနွေးနေလို့ မြန်မာ ဆေးနည်းလေးရှိရင် ပြောပေးပါဦးဆရာ။ ချောင်းလည်း နည်းနည်းဆိုးနေပါတယ်ဆရာ။

ဖြေ ။        ။ ကွမ်းရွက်တစ်ရွက်၊ ချင်းပါးပါးလှီးခုနစ်လွှာ၊ ထန်းလျက်သုံးခဲ၊ ရေနွေးမတ်ခွက် တစ်ဝက်နဲ့ ရောကျိုပါ။ ဆားအနည်းငယ်ထည့်ပါ။ ခပ်နွေးနွေး သုံးဇွန်းလောက်တိုက်ပေးပါ။ တစ်နေ့လေးကြိမ် တိုက်နိုင်ပါတယ်။

မေး ။       ။ ဆရာကြီးရှင့်။ သမီးလေးက အသက်သုံးနှစ်ပြည့်ပါတော့မယ်။ စကားကောင်း ကောင်းမပြောသေးဘူး။ ဘာလုပ်ပေးရမလဲ ဆရာကြီးရှင့်။

ဖြေ ။        ။ ကြက်ဟင်းခါးရွက် အရည်ညှစ်၊ ကလေးလျှာပွတ်ပေးပါ။ ခါးလို့ထွေးရင် စကား ပြောလာပါလိမ့်မယ်။

မေး ။       ။ ဆရာ သမီးရဲ့လည်ချောင်းနာနေပါတယ်။ ပါးစပ်ဟကြည့်လိုက်ရင် ဖြူဖြူ အဖတ်တွေတွေ့ရပြီး အာသီးကရဲနေပါတယ်။ ဘယ်လိုဆေးတွေ သောက်ရမလဲ ညွှန်ကြား ပေးပါဦး။

ဖြေ ။   ။ အာသီးရောင် ရောဂါဖြစ်နေတာပါ။ ရေနွေးကြမ်းအဖန်ရည်မှာ ဆားထည့် ဖျော်ပြီး အာလုတ်ကျင်းပေးပါ။ သင်္ဘောရွက်ပြုတ်ရည်မှာ ပျားရည်တစ်ဇွန်းထည့်သောက်ပါ။ ညအိပ်ရာဝင် ခြေဖဝါးဆားပွတ်၊ ဒူးအထက်ကနေ အောက်ကိုရေလောင်းခြေဆေးပါ။ စပါးကြီး သည်းခြေ ငရုတ်ကောင်းစေ့လောက်ကို ရေနွေးနဲ့ဖျော်၊ အာလုတ်ကျင်းပေးရင် နာတာရှည် အာသီးရောင် ရောဂါပျောက်တယ်။

မေး ။       ။ ဆရာ ကလေးက တစ်နှစ်နဲ့နှစ်လပါ။ နှာရည်ယိုပြီး ချောင်းဆိုးနေပါတယ် ဆရာ။ ဆေးနည်းလေး ညွှန်ကြားပေးပါဦး။

ဖြေ ။        ။ ကွမ်းရွက်နဲ့ဆားကိုထုပ် မီးဖုတ်ပါ။ အဲဒီဆားမီးဖုတ်ကို သံပရာရည်နဲ့ ဖျော်လျက်ခိုင်းပါ။  နှာရည်ယိုပျောက်ဖို့အတွက် ကွမ်းရွက်မီးကင်၊ အရည်ညှစ်၊ အုန်းဆီနဲ့ရော၊ ကလေးငယ်ထိပ်မှာလိမ်းပေးပါ။

မေး ။       ။ကန်တော့ပါဆရာ။ သမီးက ဓမ္မတာလာခါနီးရင် ရင်သားတွေနာတတ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ တော်တော်ကိုက်လို့ပါ။ ရင်သားတင်မကဘူး လက်မောင်းတွေပါ ကိုက်ခဲနေတာပါဆရာ။ ဘာလုပ်သင့်ပါသလဲ။

ဖြေ ။        ။ ချင်းပါးပါးလှီး ခုနစ်လွှာ၊ ကွမ်းရွက်တစ်ရွက်၊ ထန်းလျက်ငါးခဲ၊ ရေနွေးမတ်ခွက် တစ်လုံးနဲ့ ရောကျိုပါ။ ရေနွေးလက်တစ်လုံးလောက် ခန်းသွားအောင်ကျိုပါ။ ဆားလှော် အနည်းငယ်ထည့်ပြီး တဖြည်းဖြည်း ကုန်အောင်သောက်ပါ။ ရင်ဘတ်နဲ့ လက်မောင်းတွေကို နလင်ကျော်တုံးသွေးလိမ်းပါ။

မေး ။       ။ ဆရာခင်ဗျာ။ ကျွန်တော့်သမီးလေးက အသက်ခြောက်လပါဆရာ။  ကလေး ဝမ်းမသွားတာ သုံးရက်ရှိပါပြီ။ ဘယ်လိုလုပ်ရမလဲဆရာ။

ဖြေ ။        ။ မုန်ညင်းဆီကို မီးနဲ့ခပ်နွေးနွေးအပူပေးပြီး ကလေးရဲ့ဝမ်းဗိုက်ချက်တိုင်ကို ပတ်လိမ်းပေးပါ။ လက်ယာရစ်လိမ်းပေးပါ။ ကွမ်းရိုးရှာ၊ အုန်းဆီနဲ့တို့ပြီး ကလေးရဲ့စအိုပေါက် ထဲထည့် ကလိပေးပါ။ လေချုပ်ရင် လေထွက်ပြီးနောက် ဝမ်းလိုက်လာပါလိမ့်မယ်။

မေး          ။ ဆရာရှင့်။ ကျွန်မအဒေါ်က အပူများပြီး ညဘက်အိပ်ရင် ခေါင်းချွေးတွေထွက်လို့ ဘယ်လိုပြုလုပ်ရမယ်ဆိုတာ ပြောပြပေးပါရှင့်။

ဖြေ ။      ။ အောက်ကိုအပူလည်အောင် ညအိပ်ရာဝင်ခါနီး ခြေဖဝါးဆားပွတ်၊ ဒူးအပေါ် ကနေ အောက်ကိုရေလောင်းခြေဆေး။ ညစဉ်ပြုလုပ်ပေးပါ။ အိပ်ရာဝင်ခါနီး ရေအေးတစ်ခွက် သောက်အိပ်ပါ။ ခေါင်းချွေးထွက် သက်သာလာပါလိမ့်မယ်။

မေး          ။ ဆရာခင်ဗျာ။ အဆုတ်ကျန်းမာဖို့ တိုင်းရင်းဆေးသောက်လိုပါတယ်။ ကျွန်တော့် အသိ ဦးပဉ္စင်းမှာ ရင်ကျပ်ရောဂါဖြစ်နေလို့ပါ။ ဦးပဉ္စင်း အိန္ဒိယကို ပညာသင်မသွားခင် ပျောက်စေချင်လို့ပါ။

ဖြေ ။   ။ ဘုရားပန်းအိုးထိုးတဲ့ ဇော်ဂျီတောင်ဝှေးပင်ကိုရှာပါ။ အရွက်က အနီရောင်မှာ အစိမ်းရောင်အနားကွပ်နဲ့ အရိုးက ထီးရိုးလို သုံးပေလောက်မြင့်တယ်။ အရွက် ဒါမှမဟုတ် အရိုးပါပြုတ်သောက်ပါ။ မှန်ရောင်သကြားခဲ (ပရဆေးဆိုင်မှာ ဝယ်) ထည့်ပြုတ်ရင် ပိုကောင်းပါ တယ်။ ပြုတ်ရည်တစ်နေ့ကို မတ်ခွက်တစ်လုံးလောက်သောက်နိုင်ပါတယ်။ စာရေးဆရာကြီးဓူဝံ    လက်တွေ့ပျောက်တဲ့ နည်းလမ်းဖြစ်တယ်။

မေး          ။ ဆရာ သမီးက ကျောက်ကပ်ရောင်နေတာပါ။ ဘာတွေရှောင်သင့်၊ ဆောင် သင့်လဲ သိချင်လို့ပါ။ ကျေးဇူးတင်စွာဖြင့်။

ဖြေ       ။ ပူစပ်တာ၊ လေပွတာ၊ တညင်းသီး၊ ကောက်ညှင်း စေးကပ်တာတွေကို ရှောင်ရ ပါမယ်။ အင်္ဂလိပ်ဆေး၊ အကိုက်အခဲပျောက်ဆေး များများသောက်တာလည်း ရှောင်ရပါမယ်။ အရောင်ဆိုးဆေးသုံးထားတဲ့ အစားအစာတွေ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရယ်ဒီမိတ် အစားအစာတွေ၊ အကင်ဆိုင်ကအကင်တွေ၊ အချဉ်ပေါင်းတွေ၊ ဝက်သားတုတ်ထိုးလို ပြန်နွှေး ရောင်းတဲ့ အစားအသောက်တွေ၊ မှိုတက်တယ်လို့ သံသယဖြစ်ဖွယ်အစာတွေ၊ ပုပ်ငန်တဲ့ အစာဖြစ်တဲ့ ငါးခြောက်၊ ငါးပိကောင်၊ ငံပြာရည် စတာတွေ၊ အနီရောင်ရှိတဲ့ ခြေလေး ချောင်းသား၊  ပဲပင်ပေါက်၊  ပဲတီချဉ်၊မျှစ်၊ မျှစ်ချဉ်၊ ငါးချဉ်၊ လက်လုပ်ချဉ် စတာတွေအပြင်  မလတ်ဆတ်တဲ့၊  ရေခဲရိုက်ထားတဲ့ အစားအစာတွေအားလုံး ရှောင်ရပါမယ်။

ကျောက်ကပ်ရောင်တာ ကောင်းသွားရင်တောင် သုံးလကြာတဲ့အထိ မစားရပါ။ စားသင့်တဲ့ အစာက ငါးကိုပေါင်းစားပါ။ ကကတစ်ငါးဆိုရင် ကျောက်ကပ်ရောင်တာ ကောင်းစေတယ်။ ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းစားပါ။ ပဲများများစားပါ။ ရှောက်သီးနဲ့မုန်လာဥနီ ဖျော်ရည် သောက်ပါ။ ငါးဆန်ပြုတ်သောက်ပါ။ ကျောက်ဖရုံသီးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် ဟင်းချို ချက်သောက်ပါ။ ကျောက်ဖရုံသီးဟာ ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ပန်းသီးကို ဖျော်ရည်လုပ်သောက်ပါ။ ငှက်ပျောသီးဖီးကြမ်းကို မီးကင်စားပါ။ နဂါးမောက်သီးအနီရောင်က ကျောက်ကပ်နဲ့တည့်တယ်။ လိမ္မော်သီး၊ စပျစ်သီး၊ ကမ္ဗလာသီးတွေစားပါ။ ရေကိုကျိုချက်ပြီး ရေကျက်အေး လုပ်သောက်ပါ။  ရေခဲရေ မသောက်သင့်ပါ။

မေး ။       ။ ဆရာရှင့်။ ကျွန်မကိုကူညီပေးပါ။ ကျွန်မလက်သန်း ဓားရှပါတယ်။ အသားပဲ့ သွားပါတယ်။ ကျွန်မ သူများနိုင်ငံ ရောက်နေတာပါ။ ဆေးခန်းမသွားနိုင်တော့ မေးခိုင်ပိုး ကာကွယ်ဆေးလည်း မထိုးရပါဘူး။ အရက်ပြန်နဲ့ ဆေးရည်အနီရောင်ထည့်ပြီး အကိုက်အခဲ ပျောက်ဆေး သောက်ထားပါတယ်။ အလုပ်နားရင် သူဌေးကလစာဖြတ်လို့ အလုပ်လည်း မနားရဲဘူး။ အခုပြည်စတည်နေပါပြီ။ ဘယ်လိုလုပ်သင့်ပါသလဲရှင့်။

ဖြေ ။     ။ ပျားရည်ရှိပါသလား။ ပျားရည်စစ်စစ်က အနာမရင်းဘူး။ အရက်ပြန်က အနာ ရင်းတယ်။ မေးခိုင်ပိုးမဝင်နိုင်အောင် သံပရာသီးအရည် ညှစ်ချလိုက်ပါ။ နည်းနည်းစပ်တာ အောင့်ခံပါ။ ပြီးရင် ပျားရည်စိမ့်ဝင်အောင်လိမ်းပြီး ပတ်တီးစည်းထားပါ။ ရေမထိပါစေနဲ့။ နနွင်း မှုန့်ရှိရင် ကော်ဖီဇွန်း တစ်ဇွန်းလောက် မန်းဆေးအဖြစ်သောက်ပါ။ ညှော်မမိပါစေနဲ့။

မေး ။     ။ ဆရာကြီးရှင့်။ ကျွန်မတို့ဇနီးမောင်နှံက မလေးရှားမှာနေပါတယ်။ အိမ်ထောင် ကျတာ ငါးနှစ်ကျော်ပါပြီ။ ကလေးမရသေးပါရှင့်။ ပြီးခဲ့တဲ့လက ဆေးစစ်ကြည့်တော့ အမျိုးသား က ကလေးလုံးဝမရနိုင်တာမဟုတ်ဘဲနဲ့ သုက်ကောင်အားနည်းတယ်လို့ အဖြေထွက်ပါတယ်။ ကျွန်မကတော့ အားလုံးကောင်းပါတယ်တဲ့။ အဲဒါ ဒီကဆရာဝန်တွေက အမျိုးသားအတွက် ဆေးမပေးပါဘူး။ ကျွန်မကိုပဲဆေးပေးပါတယ်ဆရာ။ အမျိုးသားအတွက်ဆေးနည်းလေးများရှိရင် ပေးပါလားဆရာ။ ကျွန်မတို့ဇနီးမောင်နှံက ကလေးတအားလိုချင်နေလို့ပါ။ ကျွန်မအသက်က ၃၄ နှစ်ပါ။ အမျိုးသားအသက်က ၂၈ နှစ်ပါဆရာ။  ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ ။    ။ ခွေးလှေးယားသီးအစေ့ကို နွားနို့နဲ့ပြုတ်ပြီး ပြန်လှော်စားရင် အမျိုးသားသုက်ပိုး အားကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ခွေးလှေးယားစေ့(အယဉ်)အပင်တွေကို အခုစီးပွားဖြစ် စိုက်ပျိုးနေကြတာမို့ နေရာအတော်များများမှာ အားဆေးအဖြစ်ရောင်းချနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံကိုမှာ ယူရင်ရနိုင်တယ်။ ခွေးလှေးယားသီးအစေ့ကို နွားနို့နဲ့ပြုတ်ပြီး အဆိပ် အတောက်ကင်းစင်အောင် သုဒ္ဓပြုလုပ်တာ အာယုဗေဒကျမ်းလာနည်းပါ။ များများစားရင် တောက်တတ်ပါတယ်။ နှလုံးခုန်ချိန်များပြီး အန်တတ်ပါတယ်။ တစ်ကြိမ်စားရင်သုံးစေ့မှငါးစေ့ တစ်နေ့နှစ်ကြိမ်ထက် ပိုမစားသင့်ပါ။ အိန္ဒိယအာယုဗေဒ ဆေးကျမ်းများမှာတော့ သုက်ပွားပြီး အားတိုးစေဖို့ ခွေးလှေးယားသီး(အရိုင်း)အစေ့ကိုပဲ ညွှန်တာလည်းတွေ့ရပါတယ်။ သုတေသန ပြုကြည့်မှ အယဉ်နဲ့အရိုင်း အာနိသင်ကွဲပြားမှုကို သိရမှာဖြစ်ပါတယ်။

မေး         ။ ဆရာကြီးခင်ဗျာ။ ညာဘက်နားလေခိုသလိုခံစားရပါတယ်။ ဆေးနည်းလေး ကူညီပါဦး။

ဖြေ          ။ ရွက်ကျပင်ပေါက်မီးကင်၊ အရည်ညှစ်၊ နားထဲထည့်ပါ။ (တစ်နည်း) မုန်ညင်းဆီ တွင် ချင်းတက်ပါးပါးလှီး၊ သုံးလွှာလောက်ထည့်၊ မီးနဲ့ချက်ပါ။ အဲဒီဆီနဲ့ နားကျပ်တံသုံးပြီး နားကျပ်ပေးပါ။ နားပြန်ကြားရတတ်ပါတယ်။    

ကြည်လွင်မြင့်(မုဒြာ)

 

Read 21 times
Rate this item
(0 votes)
Last modified on Wednesday, 03 January 2018 12:25