SJ WorldNews - шаблон joomla Авто

AFC Cup မှာ အဆင့်တစ်ခုရောက်ဖို့နဲ့ ပြည်တွင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကြိုးစားနေ

Monday, 15 January 2018 10:58 Written by  font size decrease font size decrease font size increase font size increase font size

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်ယူနိုက်တက်အသင်းက၂ဝ၁၈ ရာသီမှာ ပြည်တွင်းပြိုင်ပွဲတွေနဲ့ ပြည်ပပြိုင်ပွဲတွေအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေပြုလုပ်ထားသလို ၂ဝ၁၆ နဲ့  ၂ဝ၁၇ နှစ်ရာသီဆက် ပြည်တွင်းပြိုင်ပွဲဖလားနှစ်လုံး စလုံးမှာ ဒုတိယဆုတွေ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၂ဝ၁၈ ရာသီကြို ချာရတီဖလားပြိုင်ပွဲမှာတော့ ရှမ်းယူနိုက်တက် အသင်းကို အနိုင်ယူပြီး ချန်ပီယံဆုရရှိထားပါတယ်။ ၂ဝ၁၇ ရာသီက ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့ရတာကို ချေဖျက်ဖို့ နည်းပြချုပ် ဦးမျိုးမင်းထွန်း ကိုယ်တိုင် ပြည်ပကစားသမားကို စိတ်ကြိုက်ခေါ်ယူထားပါတယ်။ ပြည် တွင်းကစားသမားတွေအဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်အသင်းက မောင်မောင်လွင်နဲ့ ချင်းယူနိုက်တက်အသင်းက ဆွမ်လမာန်တို့ကို အားဖြည့်ထားပါတယ်။ ဒါကြောင့် ချန်ပီယံ ဆုတွေနဲ့ ဝေးကွာမှုကိုချေဖျက်ဖို့ ပြင်ဆင်ထားတဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး နည်းပြချုပ် ဦးမျိုးမင်းထွန်းထံ မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ရာသီအဖွင့် ချာရတီ ဖလားပြိုင်ပွဲမှာ၂ဝ၁၇ ရာသီက ဖလားနှစ်လုံး ချန်ပီယံ ရှမ်းယူ နိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ခံစားချက်ကို ပြောပြပေးပါဦး။

ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက်အသင်းက နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုနဲ့ကပ်လွဲပြီး နှစ်နှစ်ဆက်တိုက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဒီနှစ် ပထမဆုံးပွဲဦးထွက်မှာ ရှမ်းယူနိုက်တက်အသင်းကိုနိုင်လို့ အတိုင်း မသိဝမ်းသာ ပါတယ်။

လက်ရှိအသင်းရဲ့ခြေစွမ်းကို အားရမှု ရှိပါသလား၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်နေသေးလဲ။

အဓိကကတော့ အသင်းမှာ ချာရတီဖလား ပြိုင်ပွဲတုန်းက ကစားသမားတွေ နည်းနည်း ချိတ်ဆက်မှု လွဲတာ တွေရှိခဲ့တယ်။ ဒါတွေကို အကောင်းဆုံး ပြန်လည်ပြင်ဆင်ထားပါတယ်။ ဒါကြောင့်  ဒီနှစ်မှာ အရင်ရန်ကုန် ယူ နိုက်တက် အသင်းရဲ့ပုံစံကို ပြန်ပြီးမြင်တွေ့ ရမှာပါ။

အသင်းမှာ အဓိကကစားသမားတွေဖြစ်တဲ့ ကျော်ကိုကိုနဲ့ ဇော်မင်းထွန်းက ထိုင်းလိဂ်-၁ ကို သွားကစားမှာ ဆိုတော့ အသင်းရဲ့ဖွဲ့စည်းပုံ အားနည်းသွားနိုင်သလား။

ချာရတီဖလားပြိုင်ပွဲတုန်းက ရှမ်းယူနိုက်တက်လိုအသင်းမျိုးကို ကျွန်တော်တို့ နှစ်ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ဂိုးပြန်ပေးလိုက်ရတယ်။ ရှေ့တန်းတိုက်စစ်မှာတော့ အားနည်းချက် သိပ်မရှိတော့ပါဘူး။ နောက်တန်းမှာတော့ အား နည်းချက်တွေရှိနေပါ သေးတယ်။

ဇော်မင်းထွန်းမရှိတဲ့ နောက်တန်းက အားနည်းချက် ဖြစ်လာနိုင်ပါသလား။

ကျွန်တော်တို့အသင်းက  ရှေ့လျှောက် မျိုးဆက်သစ်တွေရှိဖို့ လိုအပ်လာပါပြီ။ လက်ရှိ နောက်ခံကစားသမား   ဇော်မင်းထွန်းက အရမ်းတော်ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားပါ။ စည်းကမ်းလည်း လိုက်နာတဲ့သူပါ။ ဒါပေမဲ့ သူက အသက်အရွယ်အရ ဒီအချိန်မှာ သူ့နောင်ရေးအတွက် ပြည်ပကို ထွက်ကစားတယ်။ ကျွန်တော်တို့က ဝမ်းပန်းတသာနဲ့  ခွင့်ပြုခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လူငယ်ကစားသမားတွေကို နေရာပေးဖို့ လိုအပ်လာပါပြီ။ ဒီအချိန်မှ လူငယ်ကစား သမားတွေကို နေရာမပေးရင် မြန်မာ့ လက်ရွေးစင်အသင်းအတွက် ပါ  ထိခိုက် နစ်နာစရာဖြစ်လာနိုင်တယ်။ ဇော်မင်းထွန်း မရှိတဲ့အတွက် အသင်းမှာ အားနည်းချက် ရှိသွားတာတော့ မှန်ပါတယ်။

ဒီနှစ်မှာ AFC Cup လည်း ယှဉ်ပြိုင် ရမှာဆိုတော့ အဲဒီပြိုင်ပွဲအတွက်ရော ဘယ်လောက်အထိ မျှော်လင့် ထားပါသလဲ။

လက်ရှိ ကျွန်တော့်သဘောအရဆိုရင် တစ်ပွဲချင်းစီပြင်ဆင်ပါတယ်။ AFC Cup အတွက်လည်း Plan (A)၊(B) ဆွဲထားတာ ရှိပါတယ်။ လောလောဆယ်တော့ AFC Cup က ဖေဖော်ဝါရီလမှဆိုတော့  MNL အတွက်ပဲ အာ ရုံစိုက် ထားပါတယ်။

မနှစ်က ပြည်ပအားကစားသမား ခေါ်ယူမှု ကံမကောင်းခဲ့ဘူးဆိုတော့ ဒီနှစ်မှာရော ခေါ်ထားတဲ့ ပြည်ပ အား ကစားသမားတွေရဲ့ ခြေစွမ်းကို အားရပါသလား။

ဒီနှစ်ကတော့ ကျွန်တော်ကိုယ်တိုင် ပြည်ပအားကစားသမားတွေကို ရွေးချယ်ထားပါတယ်။ ကျွန်တော့်စိတ်ကြိုက်ရွေးထားတာပါ။ ဒီနှစ် ပြည်ပအားကစားသမားတွေ ကစားတာ မကောင်းရင် ကျွန်တော့်ကိုသာ အပြစ်ပုံချလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် စိတ်ကြိုက်ရွေးထားတာဖြစ်လို့ပါ။

ဒီရာသီ နည်းပြချုပ်တစ်ယောက်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်မလဲ။

AFC Cup မှာ အဆင့်တစ်ခုရောက်အောင် ကစားမယ်။ နောက်ပြီး MPT မြန်မာနေရှင်နယ်လိဂ်နဲ့ ဗိုလ်ချုပ် အောင်ဆန်း ဒိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် အကောင်းဆုံး ကြိုးစားမယ်။ ဒါပေမဲ့ ကျွန်တော်ကတိတော့ မပေးပါဘူး။ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား ကြည့်ပါတယ်။ ဖြစ်နိုင်အောင်တော့ ကြိုးစားမှာပါ။

နောက်တန်းက ဇော်မင်းထွန်းနေရာမှာ လူငယ်ကစားသမားတွေ အစားထိုးမယ်ဆိုတော့ ပြိုင်ပွဲကြီးတွေမှာ  အားကိုးလို့ရနိုင်ပါ့မလား။

အဓိကကတော့ ကျွန်တော်တို့ဆီမှာ နောက်တန်းက သီဟထက်အောင်ကတော့ ပွဲပယ်ကြောင့် ခြောက်ပွဲမ ကစားရဘူး။ နောက်ပြီး သိန်းဇော်ရှိတယ်။ ယူ-၂၁ မှာ ကစားနေတဲ့  သူရိန်စိုးရှိတယ်။ သူတို့က အားကိုး လို့ရလာမှာပါ။

အသစ်ခေါ်ယူထားတဲ့ ပြည်တွင်းကစား သမားတွေနဲ့ပတ်သက်ပြီး အားရမှုရှိပါသလား။

ပြည်တွင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေကတော့ အသင်းနဲ့ အံဝင်မှု သိပ်မရှိသေးဘူး။   ဒါပေမဲ့သူတို့က လေ့ကျင့်ရေးမှာ အကောင်းဆုံးကြိုးစား ပြင်ဆင်ထားတာကြောင့် အသင်းနဲ့ အမြန်ဆုံး အံဝင်လာမှာပါ။

Read 507 times
Rate this item
(0 votes)
Last modified on Monday, 15 January 2018 11:13